SJ WorldNews - шаблон joomla Авто

အာဖရိကတွင် စစ်အခြေစိုက်စခန်းဖွင့်လှစ်ရန်စီစဉ်လာသည့် ရုရှား

Sunday, 13 January 2019 12:48 font size decrease font size decrease font size increase font size increase font size

ရုရှားနိုင်ငံသည် ဗဟို အာဖရိကနိုင်ငံ၌ စစ် အခြေစိုက် စခန်းတစ်ခု ဖွင့်လှစ်ရန် စဉ်းစားလျက် ရှိပြီး ယင်းနိုင်ငံအစိုးရနှင့် ချမှတ်ထားသည့် သဘောတူညီချက်၏ တစ်စိတ်တစ်ဒေသ အဖြစ် ရုရှားစစ်သည်များကို အဆိုပါနိုင်ငံ၌ လေ့ကျင့် သင်ကြားမှုများ ပေးအပ်လျက်ရှိသည်။

ရုရှားနှင့် ဗဟို အာဖရိကနိုင်ငံ အစိုးရတို့ကြား သဘောတူညီချက် တစ်ရပ်ကို ပြီးခဲ့ သည့်နှစ် သြဂုတ်လ အတွင်းက ရုရှား သမ္မတ ဗလာဒီမာပူတင်နှင့် ဗဟို အာဖရိကနိုင်ငံ သမ္မတ ဖူစတင်အာချိန်ဂျဲတူဒါရိန်း တို့ကြား လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သဘောတူညီချက် အရ ရုရှားအနေဖြင့် ၄င်းတို့၏ စစ်အခြေစိုက် စခန်းတစ်ခုကို ယင်းနိုင်ငံ၌ တည်ဆောက်ရန် စီစဉ်နေခြင်း ဖြစ်သည်။

အကယ်၍ စစ်အခြေစိုက်စခန်း တစ်ခု ဗဟိုအာဖရိက၌ ဖွင့်လှစ်နိုင်ပြီဆိုပါက ရုရှား

အနေဖြင့် ၄င်းတို့၏ စစ်ရေးအရ လွှမ်းမိုးမှုအား ယခင်က ထက်ပိုမို တိုးချဲ့နိုင်မည့် အခွင့်အလမ်းတစ်ရပ်ကို ရယူနိုင်ပြီဟု ဆိုနိုင်သည်။ ရုရှားနိုင်ငံသည် ဆီးရီးယား အစိုးရ၏ တောင်းဆိုချက် အရ ယင်းနိုင်ငံ၏ ပြည်တွင်းစစ်တွင် စစ်ရေးအရ ကြားဝင် ဖျန်ဖြေခဲ့ပြီး နောက်ပိုင်းတွင် ၄င်းတို့၏ စစ်ရေးအရ လွှမ်းမိုးမှုကို အရှေ့ အလယ်ပိုင်းဒေသ၌ တိုးချဲ့ နိုင်ခဲ့သည်။

ရုရှားနိုင်ငံသည် နိုင်ငံ၏ အဓိက လုပ်ဖော်ကိုင်ဖက် နိုင်ငံ တစ်နိုင်ငံအဖြစ် ဗဟိုအာဖရိက အစိုးရက ရှုမြင်လျက်ရှိပြီး ရုရှားနှင့် ဆက်ဆံရေး တိုးတက်လာခြင်းသည် နိုင်ငံ၏ အနာဂတ်အတွက် အပြောင်းအလဲ ဖြစ်စေမည်ဟုလည်း ယူဆနေသည်။

ထို့ကြောင့် ရုရှားအနေဖြင့် စစ်ရေးလေ့ကျင့် သင်ကြားရေး စခန်းတစ်ခု ယင်းနိုင်ငံ အတွင်း၌ ဖွင့်လှစ် ခွင့်ပြုထားခြင်းဖြစ် သည်။

သို့ရာတွင် အဆိုပါ စခန်းကို စစ်အခြေစိုက် စခန်းအဖြစ် အသိအမှတ်ပြု ထားခြင်းမရှိပေ။ ရုရှား အစိုးရသည် ကုလ သမဂ္ဂလုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် ဗဟို အာဖရိက နိုင်ငံအတွင်း၌ လက်နက်ငယ်များနှင့် စစ်သည်များကိုလည်း ဖြန့်ကြက်ထားပြီး ဖြစ်သည်။

ပြင်သစ် ကိုလိုနီနိုင်ငံဟောင်း တစ်နိုင်ငံဖြစ်သည့် ဗဟိုအာဖရိကနိုင်ငံသည် လူမျိုးစုနှင့် ဘာသာရေး အစွန်းရောက် လက်နက်ကိုင် အဖွဲ့များကြား တိုက်ပွဲများ ကာလရှည်ကြာ ဖြစ်ပွားခဲ့ခြင်းကြောင့် အစာရေစာ ရှားပါးပြီး ဆင်းရဲသည့် နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့ရသည်။ ယခုအခါ ဗဟို အာဖရိက နိုင်ငံသည် အာဖရိကဒေသရှိ ရုရှား၏ စစ် အခြေစိုက် စခန်းကို လက်ခံခဲ့သည့် နိုင်ငံအဖြစ်သို့ ရောက်ရှိလာမည့် အခြေအနေတွင် ရှိနေသည်။ စစ် အခြေစိုက် စခန်းဖွင့်လှစ်ရေးနှင့် ပတ်သက်၍ ရုရှားနှင့် အဆိုပါနိုင်ငံ တို့ကြား ဆွေးနွေးမှုများကို မကြာမီ ကျင်းပရန် စီစဉ်ထားသည်။

အကယ်၍ ရုရှားနိုင်ငံ အနေဖြင့် ဗဟို အာဖရိကနိုင်ငံ၌ စစ် အခြေစိုက် စခန်း ဖွင့်လှစ်နိုင်မည်ဆိုပါက ၄င်းတို့၏ စစ်ရေးအရ လွှမ်းမိုးမှုကို အာဖရိက ဒေသတစ်ဝန်းသို့ တိုးချဲ့နိုင်မည် ဖြစ်သော်လည်း တခြားတစ်ဖက်တွင် အာဖရိက တစ်ဝန်းလုံး၌ စစ်အခြေစိုက် စခန်း ၃၄ ခု ဖွင့်လှစ်ထားသည့် အမေရိကန်၏ တန်ပြန်မှုနှင့် ရင်ဆိုင်ရမည့် အလားအလာ ရှိကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။

(Ref: The Australian, Press TV)

Read 108 times