SJ WorldNews - шаблон joomla Авто

ပါကစ္စတန်ရှိ စစ်သွေးကြွ စခန်းကို အိန္ဒိယ တိုက်လေယာဉ်များ ဝင်ရောက် တိုက်ခိုက်မှု နောက်ထပ်စစ်ပွဲ တစ်ခုဆီသို့ ဦးတည် လာနိုင်

Wednesday, 27 February 2019 09:36 font size decrease font size decrease font size increase font size increase font size

အိန္ဒိယ လေတပ်မှ တိုက်လေယာဉ်များ သည် ဖေဖော်ဝါရီ ၂၆ ရက် နံနက်အစော ပိုင်းတွင် နယ်စပ် ထိန်းချုပ် မျဉ်းကို ဖြတ်ကျော်ကာ ပါကစ္စတန် နိုင်ငံရှိ ဂျေအီး မိုဟာမတ် (JeM) စစ်သွေးကြွ စခန်းကို စီးနင်းတိုက် ခိုက်လိုက်ကြောင်း    အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးက ထုတ်ပြန်သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း စစ်သွေးကြွ အယောက် ၃ဝဝခန့် သေဆုံး သည်ဟု အိန္ဒိယအစိုးရတာဝန်ရှိသူ တစ်ဦးကပြောသော်လည်း ပါကစ္စတန်ဘက် ကငြင်းဆိုကာ မည်သည့် ထိခိုက် ဒဏ်ရာ ရမှု မျှမရှိကြောင်း တုံ့ပြန် ထားသည်။

ဖေဖော်ဝါရီ ၁၄ ရက်တွင် အိန္ဒိယနိုင်ငံက ထိန်းချုပ်ထားသော ကက်ရှမီးယား ဒေသ၌ အသေခံဗုံးခွဲမှု တစ်ခုဖြစ်ပွားရာ အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့ဝင် ၄၄ ဦး သေဆုံးခဲ့သည်။

ထိုတိုက်ခိုက်မှုကို  (JeM) စစ်သွေးကြွ အဖွဲ့က ၎င်းတို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု  ဝန်ခံထား သည်။ တိကျခိုင်မာသော ထောက်လှမ်းရေး သတင်းများအရ (JeM) စစ်သွေးကြွ အဖွဲ့သည် ပါကစ္စတန်နိုင်ငံ၌ အခြေစိုက်သည့်အဖွဲ့ဖြစ်သည်။ သို့သော် ပါကစ္စတန် အစိုးရက ၎င်းတို့၏ နယ်မြေအတွင်း၌ မည်သည့်စစ်သွေးကြွ မျှမရှိဟုငြင်းဆို ထားသည်။

(JeM) စစ်သွေးကြွအဖွဲ့က နောက်ထပ် တိုက်ခိုက်မှုများ လုပ်ဆောင်လာနိုင်ကြောင်း အိန္ဒိယထောက်လှမ်းရေးအဖွဲ့က သတင်းရရှိ ထားသည့်အတွက် ယခုတိုက်ခိုက်မှုကိုလုပ် ဆောင်ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုကြောင့် နျူကလီးယား လက်နက်ပိုင်ဆိုင်သော အိမ်နီး ချင်းနှစ်နိုင်ငံ အကြားတွင် တင်းမာမှုများ ပိုမို မြင့်တက်လာပြီဖြစ်သည်။

ယခုတိုက်ခိုက်ခံရသည့်စခန်းသည် (JeM)  စစ်သွေးကြွအဖွဲ့၏ လေ့ကျင့်ရေး စခန်းဖြစ်ပြီး စစ်ရေးအရ မဟုတ်ဘဲကြိုတင် လက်ဦးမှုရယူ သည့်တိုက်ခိုက်မှုကို အိန္ဒိယစစ်ဘက်ကလုပ် ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဗီဂျေးဂိုခေးက ပြောသည်။ ထို့ပြင် ရာပေါင်း  များစွာသောစစ်သွေးကြွများအား လေ့ကျင့် ပေးနိုင်သည့်  (JeM)  စစ်သွေးကြွ အဖွဲ့၏လေ့ ကျင့်ရေးစခန်း ရှိသည်ကို ပါကစ္စတန် အစိုးရ အနေဖြင့် မသိသည်မှာ မဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

အိန္ဒိယတိုက်လေယာဉ်များက   (JeM) စစ်သွေးကြွစခန်းကို   တိုက်ခိုက်ပြီးနောက် ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်း ဦးဆောင်သော နိုင်ငံတော်လုံခြုံရေး ကော်မတီက အစည်းအဝေးလုပ်ပြီးထိုတိုက်ခိုက်မှုကို အပြစ်တင် ရှုတ်ချကြောင်းနှင့် အိန္ဒိယရှိ ပစ်မှတ်များကို တစ်ချိန်ချိန်တွင် လက်တုံ့ပြန် တိုက်ခိုက် သွားမည်ဖြစ်ကြောင်း  ထုတ်ပြန်ထားသည်။

(JeM) စစ်သွေးကြွအဖွဲ့သည် အိန္ဒိယအစိုးရကို ဆန့်ကျင် တိုက်ခိုက်နေသော ဦးဆောင် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အယ်ကိုင်ဒါ စစ်သွေးကြွ အဖွဲ့နှင့် ဆက်သွယ်မှုရှိသည်။ ၂ဝဝ၁ ခုနှစ် တွင် ကုလသမဂ္ဂ၏အကြမ်းဖက်သမားစာရင်း တွင်ပါဝင်ခဲ့သည်။ ၂ဝဝ၁ ခုနှစ် ဒီဇင်ဘာလတွင် (JeM)  စစ်သွေးကြွများသည် ပါကစ္စတန် အခြေစိုက် အခြားစစ်သွေးကြွ အဖွဲ့ဖြစ်သည့် လက်ရှကာ အီတိုင်ဘာ အဖွဲ့နှင့် ပူးပေါင်း၍ အိန္ဒိယ လွှတ်တော်ကို တိုက်ခိုက်ခဲ့သည်။

ထို့ကြောင့် ပါကစ္စတန်သည် ၎င်းနိုင်ငံ အတွင်းရှိ စစ်သွေးကြွများကို ချေမှုန်းနိုင်ခြင်း မရှိဘဲ လက်သပ် မွေးထား သလိုဖြစ် နေသည်မှာ နိုင်ငံတကာ စာမျက်နှာတွင် ငြင်းမရနိုင် သည့်အချက်တစ်ချက်ဖြစ်သည်။ ယခင်က ပါကစ္စတန်ကို ထောက်ပံ့ ပေးနေသည့် အမေရိကန်ကလည်း ပါကစ္စတန် အနေဖြင့် စစ်သွေးကြွများကို ခြေချခွင့် မပေးရန် တောင်းဆို ထားသည်။

ပါကစ္စတန်နိုင်ငံ၏ အဓိက ပြည်ပရင်းနှီး မြှုပ်နှံသူ တစ်ဦးဖြစ်သည့် တရုတ်အစိုးရကမူ အိန္ဒိယနှင့် ပါကစ္စတန်တို့ အနေဖြင့် ထိပ်တိုက် တွေ့ဆုံမှုဖြစ်စေမည့် အရေးကို ရှောင်လွှဲကာ ဒေသတွင်း တည်ငြိမ်ရေးအတွက် လုပ်ဆောင် ချက်များကိုသာ ဆောင်ရွက် သွားရန် တိုက်တွန်းထားသည်။

ကက်ရှမီးယား နယ်မြေ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အိန္ဒိယနှင့် ပါကစ္စတန်တို့သည် စစ်ပွဲကြီး နှစ်ကြိမ်နှင့် မရေမတွက်နိုင် သော တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ယခုဖြစ်ပွားသည့် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုသည် နောက်ထပ် စစ်ပွဲ တစ်ပွဲဆီသို့ ဦးတည် သွားနိုင်ဖွယ်ရှိသည်။

ဆောင်းပါးရှင် -ထက်မြက်

Ref: Huffington Post

Read 64 times Last modified on Wednesday, 27 February 2019 09:41