SJ WorldNews - шаблон joomla Авто

ပါကစ္စတန်ကို နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်ဖို့ အိန္ဒိယ ကြည်း၊ ရေ၊ လေတပ်ဖွဲ့တို့ အသင့်ရှိနေ

Thursday, 04 April 2019 10:11 font size decrease font size decrease font size increase font size increase font size

အိန္ဒိယအစိုးရအဖွဲ့ ကော်မတီက အစည်းအဝေး တစ်ရပ်ကို ဧပြီ ၂ ရက်တွင် ကျင်းပသည်။ ထိုအစည်းအဝေးတွင် အိန္ဒိယနိုင်ငံတော် လုံခြုံရေးအကြံပေး အာဂျစ်ဒိုဗယ်က ဝန်ကြီးချုပ်နာရန်ဒရာမိုဒီကို ကိစ္စရပ်တစ်ခု တင်ပြလိုက်သည်။

ထိုကိစ္စက အိန္ဒိယတပ်မတော်၏ ကြည်း၊ရေ၊ လေတပ်ဖွဲ့တို့က ပါကစ္စတန်နိုင်ငံအပေါ် နောက်ထပ် တိုက်ခိုက်မှုများ လုပ်ဆောင်ရန် အသင့်ရှိနေပြီဟု တင်ပြလိုက်ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်နာရန်ဒရာမိုဒီက ပြန်လည်ညွှန်ကြားသည်မှာ တပ်မတော်အနေဖြင့် အိမ်နီးချင်းနိုင်ငံအပေါ် တိုက်ခိုက်ရာတွင် အရပ်သား သေဆုံးမှုများ မရှိစေဘဲ တိုက်ခိုက်သည့် ပစ်မှတ်များမှာလည်း စစ်ဘက်ဆိုင်ရာ ပစ်မှတ်များသာ ဖြစ်ရမည်ဟု ဆိုသည်။

အဆိုပါ သတင်းကို ထုတ်ပြန်ထားသည်က India TV News သတင်းဌာနမှ ဖြစ်သည်။ သို့သော် အိန္ဒိယအစိုးရ အဖွဲ့နှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့က ထိုသတင်းထွက်ပေါ်လာခြင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောထားခြင်း မရှိပေ။

ဖေဖော်ဝါရီ ၂၇ ရက်တွင် ဖြစ်ပွားသော လေယာဉ်စီးချင်းထိုး တိုက်ပွဲတွင် ပါကစ္စတန်ဘက်က အမေရိကန်နိုင်ငံထုတ် F-16 တိုက်လေယာဉ်ကို အသုံးပြုခြင်းမရှိဟု ငြင်းဆိုထားသည်။ သို့သော် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးအတွက် မည်သည့်နည်းလမ်း၊ မည်သည့်လေယာဉ်ကိုမဆို အသုံးပြုသွားမည်ဟု ပါကစ္စတန် ပြည်သူ့ဆက်ဆံရေး ညွှန်ကြားရေးမှူးချုပ်က ပြောပြီးနောက် အိန္ဒိယဘက်က ယခုကဲ့သို့ သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

ပါကစ္စတန်နိုင်ငံ အခြေစိုက် ဂျေအီးမိုဟာမတ် စစ်သွေးကြွ အဖွဲ့က အိန္ဒိယနိုင်ငံက ထိန်းချုပ်သည့် ကက်ရှမီးယားဒေသရှိ ပူဝါမာမြို့၌ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ဆောင်ပြီးနောက် အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား တင်းမာမှုများ မြင့်တက်လာခြင်း ဖြစ်သည်။

ထိုအကြမ်းဖက် တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အိန္ဒိယလေတပ်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပါကစ္စတန်နိုင်ငံ အတွင်းရှိ စစ်သွေးကြွ စခန်းများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဖေဖော်ဝါရီ ၂၇ ရက်တွင် နှစ်နိုင်ငံ စလုံးမှ တိုက်လေယာဉ်များက နယ်စပ်ဖြတ်ကျော်ကာ စီးချင်းထိုး တိုက်ခိုက်မှုများ လုပ်ဆောင်စဉ် အိန္ဒိယတိုက် လေယာဉ်တစ်စင်းကို ပါကစ္စတန် တိုက်လေယာဉ်တစ်စင်းက ပစ်ချလိုက်သည်။

ထိုနောက်ပိုင်းမှစ၍ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည် မြင့်တက်လာသည်။

ယခုအခါ အိန္ဒိယ ကြည်း၊ ရေ၊ လေတပ်ဖွဲ့တို့က ပါကစ္စတန်ကို နောက်တစ်ကြိမ် တိုက်ခိုက်ရန် အသင့်ရှိနေသည်ဟု ဆိုခြင်းသည် စစ်ပွဲသုံးကြိမ် ဖြစ်ထားပြီး ဖြစ်သည့် ထိုနှစ်နိုင်ငံအကြား စတုတ္ထမြောက် စစ်ပွဲ ဖြစ်လာနိုင်ခြေ ရှိပေသည်။

ထက်မြတ်

Ref: Sputnik

Read 84 times Last modified on Thursday, 04 April 2019 10:12