Print this page

ဖိလစ်ပိုင် တပ်ဖွဲ့နှင့် အဘူဆေယက် စစ်သွေးကြွ အဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

Saturday, 06 April 2019 12:12 font size decrease font size decrease font size increase font size increase font size

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဆူလူးပြည်နယ် ပါတီကူမြို့၌    အမှတ်(၅) ကင်းထောက် ကွန်မန်ဒိုတပ်ရင်းမှ တပ်ဖွဲ့ဝင်များနှင့် အဘူ ဆေယက်စစ်သွေးကြွအဖွဲ့မှ အဖွဲ့ဝင် ၈ဝ ခန့်တို့ အကြား တိုက်ပွဲဖြစ်ပွားရာ ဖိလစ်ပိုင် အစိုးရ တပ်ဖွဲ့ဝင်သုံးဦးနှင့် IS အဖွဲ့ကို ထောက်ခံသော စစ်သွေးကြွလေးဦးတို့ သေဆုံးကြောင်း အနောက်ပိုင်းတိုင်း မင်ဒါနာအိုစစ် ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ    ဒုတိယဗိုလ်မှူးကြီး ဂါရီဘီဆာနာက ပြောသည်။

မိနစ်  ၃ဝ  ကြာဖြစ်ပွားသော  တိုက်ပွဲအတွင်း အဘူဆေယက် စစ်သွေးကြွအဖွဲ့မှ လေးဦးသေဆုံးပြီး ကိုးဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း၊ စုစုပေါင်း ထိခိုက်ဒဏ်ရာ ရရှိသူ ၂၂ ဦးရှိကြောင်း ၄င်းက ဆက်ပြောသည်။

ထိခိုက် ဒဏ်ရာရရှိသော စစ်သည်အချို့မှာ စိုးရိမ်စရာ အနေအထားမဟုတ်ကြောင်း ၄င်းကဆက်ပြောသည်။  သို့သော်  အဘူဆေယက်အဖွဲ့ကမူ ထိခိုက် ဒဏ်ရာရရှိသူများ၏ အခြေအနေကို ထုတ်ဖော် ပြောဆိုထားခြင်း မရှိသေးကြောင်း သိရသည်။

အဘူဆေယက် စစ်သွေးကြွအဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံအတွင်း ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ခေါင်းဖြတ်သတ်ခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်း အစရှိသည့် အကြမ်းဖက် လုပ်ရပ်များစွာ ကျူးလွန်လျက်ရှိပြီး အီရတ်နှင့် ဆီးရီးယားနိုင်ငံ အတွင်းရှိ IS စစ်သွေးကြွ အဖွဲ့ကို သစ္စာခံထားသည်။

ပါတီကူမြို့ရှိ အဘူဆေယက် စစ်သွေးကြွအဖွဲ့ကို စစ်သွေးကြွ ခေါင်းဆောင် ဟာတစ်ဟာဂျန်ဆာဝါဂျန်က ဦးဆောင်ဖွယ်ရှိပြီး ၄င်းသည်   ဇန်နဝါရီလတွင်   ဆူလူးမြို့ရှိ ခရစ်ယာန်ဘုရားကျောင်း ဗုံးခွဲ တိုက်ခိုက်မှုကို   နောက်ကွယ်မှကြိုးကိုင်သူဖြစ်ကြောင်း လုံခြုံရေး ဆိုင်ရာ တာဝန်ရှိသူများက ယူဆထားသည်။

Ref: Reuters

Read 71 times