SJ WorldNews - шаблон joomla Авто

အင်အားကြီး နိုင်ငံများကြား ထွက်ပေါ်လာနိုင်သော အသံထက်မြန်သည့် လက်နက်စနစ် အပြိုင်တပ်ဆင်မှု

Saturday, 06 April 2019 12:01 font size decrease font size decrease font size increase font size increase font size

အမေရိကန် ပြည်ထောင်စုအနေဖြင့် ရုရှားနိုင်ငံက ပစ်ခတ်မည့် အသံထက် မြန်သည့် ယာဉ်များနှင့် ဒုံးကျည်များကို ထောက်လှမ်းနိုင်သော ဂြိုဟ်တုများ လွှတ်တင်မည့် ဆုံးဖြတ်ချက်သည် ကမ္ဘာ့ အင်အားကြီး နိုင်ငံများကြား အဆိုပါ လက်နက် စနစ် တပ်ဆင်မှုတွင် ပြိုင်ဆိုင်မှု ပိုမို မြင့်မားလာစေမည့် အလားအလာရှိသည်ကို တွေ့ရသည်။

အမေရိကန်အစိုးရသည် အသံထက်မြန်သည့် ဒုံးကျည်များ လွှတ်တင်ခြင်းကို ရှာဖွေ ထောက်လှမ်းနိုင်မည့် တန်ဖိုးနည်း ဆင်ဆာများအား ကမ္ဘာပတ်လမ်း အနိမ့်ပိုင်းတွင် ဖြန့်ကြက်မည်ဟု အမေရိကန် ကာကွယ်ရေးမူဝါဒ လက်ထောက်ဝန်ကြီး ဂျွန်ရု(ဒ်)က ပြီးခဲ့သည့် ရက်ပိုင်းက ကျင်းပသော အထက် လွှတ်တော် လက်နက်ကိုင် တပ်ဖွဲ့များ ဆိုင်ရာ ကော်မတီ၏ ကြားနာစစ်ဆေးမှု တစ်ရပ်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြိုင်ဘက် နိုင်ငံများ၏ အသံထက်မြန်သည့် ဒုံးကျည်များနှင့် လက်နက်စနစ် အဖြစ် အသုံးပြုနိုင်သည့် အသံထက် မြန်သော ယာဉ်များကို ကာကွယ်ရန် အမေရိကန်အစိုးရက မည်သို့မည်ပုံစီစဉ်ထားကြောင်း ကော်မတီ၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ရု(ဒ်)က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။စင်စစ်တွင် အမေရိကန် အစိုးရ၏ အဆိုပါ ကြေညာချက်သည် ရုရှားနှင့် တရုတ်နိုင်ငံ တို့က ၄င်းတို့၏ အသံထက်မြန်သည့် ယာဉ်များ (HGV)ကို အောင်မြင်စွာ စမ်းသပ်ပြီး နောက်ပိုင်းတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရပါမူ အမေရိကန်၏ လုပ်ဆောင်ချက်သည် ရုရှားနှင့် တရုတ်တို့၏ စွမ်းဆောင်ရည် တိုးတက် လာမှုကို တုံ့ပြန်ခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

ရုရှားနိုင်ငံသည် Avangard ဟု အမည် ပေးထားသော အသံထက် မြန်သည့် ယာဉ်တစ်စင်းကို အောင်မြင်စွာ စမ်းသပ် ပျံသန်း နိုင်ခဲ့သည်ဟု ရုရှား ကာကွယ်ရေးဝန်ကြီး ဌာနက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက လူသိရှင်ကြား ထုတ်ပြန်ကြေညာ ခဲ့သည်။ အဆိုပါ အသံထက်မြန်သည့် ယာဉ်သည် ရုရှားနိုင်ငံ အတွက် နှစ်သစ်ကူး လက်ဆောင် ဖြစ်သည်ဟု သမ္မတဗလာဒီမာပူတင်က အမည် ပေးထားခဲ့သည်။ သို့သော် ရုရှား၏ အဆိုပါ အသံထက်မြန်သည့် ယာဉ် စမ်းသပ်အောင်မြင်မှုသည် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပရှိ စစ်ရေးနှင့် ကာကွယ်ရေး ကဏ္ဍ ကျွမ်းကျင်သူများအား အထိတ်တလန့် ဖြစ်စေခဲ့သည်ဟု ဂျာမနီ နေ့စဉ် သတင်းစာ တစ်စောင်ဖြစ်သည့် Die Welt က ဖော်ပြခဲ့သည်ကို တွေ့ရသည်။ အမေရိကန်နှင့် ဥရောပမှ ကာကွယ်ရေး မူဝါဒ ရေးဆွဲသူများ အလန့်တကြားဖြစ်မည် ဆိုပါကလည်း ဖြစ်စရာပင်။

ရုရှားက စမ်းသပ်လိုက်သော Avangardအသံထက် မြန်သည့် ယာဉ်သည် အသံထက်၂၇ ဆ ပိုမို မြန်ဆန်စွာ ပျံသန်းနိုင်သည့် အပြင် နျူကလီးယား လက်နက်များကိုပါ သယ်ဆောင်နိုင် စွမ်းရှိသောကြောင့်ပင်ဖြစ်သည်။

ရုရှား အစိုးရသည် အဆိုပါ အသံထက် မြန်သည့် ယာဉ်တစ်စင်းကို ပြီးခဲ့သည့်နှစ်ဒီဇင်ဘာ ၂၆ ရက်က နိုင်ငံတောင်ပိုင်းရှိ ယူရယ်တောင်တန်း ဒေသမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ယင်းလက်နက်သည် ကီလိုမီတာ၆ဝဝဝ (၃၇ဝဝ မိုင်)အကွာ ကမ်ချက်ကာ ကျွန်းဆွယ်ပေါ်ရှိ ပစ်မှတ်ကို အတိအကျထိမှန်ခဲ့သည်ဟုဆိုသည်။ ရုရှားနိုင်ငံသည်

အဆိုပါ Avangard အသံထက်မြန်သည့် ယာဉ်ထုတ်လုပ်မှုကို အမေရိကန် ပြည်ထောင်စုက ၁၉၇၂ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည့် ပဲ့ထိန်းဒုံးကျည် ဆန့်ကျင်ရေး သဘောတူညီချက်မှ နုတ်ထွက်ခဲ့သော ၂ဝဝ၂ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်သည်။

အမေရိကန် အစိုးရသည် အဆိုပါ သဘောတူညီချက်မှ နုတ်ထွက်ပြီးနောက် ပဲ့ထိန်း ဒုံးကျည် ကာကွယ်ရေး အတွက် အဓိကထား လုပ်ဆောင် လာခဲ့သည်။ Avangard အသံထက် မြန်သည့် ယာဉ်သည် ပျံသန်းနေစဉ် ယာဉ်၏ ပျံသန်းမှု လမ်းကြောင်း၊ အနိမ့်အမြင့် စသည်တို့ကိုလည်း မကြာခဏ ပြောင်းလဲနိုင်သည့် အပြင် ပစ်မှတ်ရှိရာသို့ မြွေလိမ် မြွေကောက် ပုံစံမျိုး သွားရောက်နိုင်သောကြောင့် မြေပြင်ရှိ ဒုံးကျည် ကာကွယ်ရေးစနစ်များ အနေဖြင့် ပစ်မှတ်၏ နေရာကို ရှာဖွေရာတွင် အခက်အခဲ ဖြစ်စေနိုင်သည်ဟု ရုရှား ကာကွယ်ရေး ဝန်ကြီးဟောင်း ဆာဂျီအိုင်ဗန်နော့က ပြောသည်။

ထို့ကြောင့် ရုရှား၏ အဆိုပါ အသံထက် မြန်သည့်ယာဉ်နှင့် တခြား ဖြစ်နိုင်ဖွယ်ဒုံးကျည်များအား တုံ့ပြန်ရန် အမေရိကန် အစိုးရက အရေးတယူ လုပ်ဆောင်လာခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

အကြောင်းမှာ ရုရှား၏ Avangard အသံထက် မြန်သည့် ယာဉ်ကဲ့သို့သော လက်နက်များ အသုံးပြုမှုကို ကာကွယ် တားဆီးနိုင်မည့် ကာကွယ်ရေး စနစ်မရှိသေးဟု ပြီးခဲ့သည့်လ နှောင်းပိုင်းက ကျင်းပသည့် အထက်လွှတ်တော် လက်နက်ကိုင် တပ်များ ဆိုင်ရာ ကော်မတီ၏ ကြားနာ စစ်ဆေးမှုတွင် အမေရိကန် မဟာဗျူဟာတပ်ဖွဲ့ အကြီးအကဲ ဂျွန်ဟိုင်တန်က ပြောကြားခဲ့သည်။အမေရိကန် စစ်ဘက်၌ လက်ရှိ အသုံးပြုနေသည့် ဒုံးကျည် ကာကွယ်ရေးရေဒါများသည် ရုရှား၏ အဆိုပါလက်နက်များကို မိုင်ထောင်ပေါင်းများစွာ အကွာမှ ရှာဖွေထောက်လှမ်းနိုင်ခြင်းမရှိသေးပေ။

ထို့ကြောင့် အမေရိကန် အစိုးရအနေဖြင့် အဆိုပါလက်နက်များကို တန်ပြန်နိုင်ရေးအတွက် ထောက်လှမ်းရေး ဆင်ဆာများ တပ်ဆင်ထားသည့် ကွန်ရက်တစ်ခုကို အာကာသအတွင်း ဖြန့်ကြက်ရန် စီစဉ်လျက် ရှိသည်။ သို့ရာတွင် အသေးစိတ် အချက်အလက်များကို အမေရိကန် အစိုးရက တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

အမေရိကန် ပြည်ထောင်စုသည် အသံထက် မြန်သည့် လက်နက် နည်းပညာတွင် ရုရှားနိုင်ငံအပြင် တရုတ်နိုင်ငံ၏ ပြိုင်ဆိုင်မှုဖြင့် ရင်ဆိုင်ရလျက်ရှိသည်။ တရုတ်အစိုးရသည် အဆိုပါ အသံထက် မြန်သည့် လက်နက် နည်းပညာတွင် အမေရိကန် ပြည်ထောင်စုကို ကျော်တက် နိုင်ရေး အတွက် ကြိုးပမ်း လုပ်ဆောင်လျက် ရှိသည်။ တရုတ်နိုင်ငံသည် ပြီးခဲ့သည့် နှစ်အတွင်းက အသံထက် မြန်သည့် လက်နက်များကို စမ်းသပ်ခဲ့ပြီး အဆိုပါ လက်နက် ပမာဏမှာ အမေရိကန် ပြည်ထောင်စုက ဆယ်စုနှစ် တစ်ခုအတွင်း စမ်းသပ်ခဲ့သော အသံထက် မြန်သည့် လက်နက် ပမာဏထက် ကျော်လွန်နေသည်။ ထို့ကြောင့် အမေရိကန် အစိုးရအနေဖြင့် ယင်းအခြေအနေကို ပြောင်းလဲပစ်ရန် လိုအပ်နေသည်ဟု ပင်တဂွန် စစ်ဌာနချုပ်မှ အင်ဂျင်နီယာချုပ်နှင့် နာဆာအကြီး အကဲဟောင်း မိုက်ကယ်ဂရစ်ဖင်က ထောက်ပြထားသည်ကို တွေ့ရသည်။

ထို့ကြောင့် အမေရိကန် အစိုးရအနေဖြင့် အသံထက် မြန်သည့် လက်နက် နည်းပညာတွင် ပြိုင်ဘက် နိုင်ငံကြီးများနှင့် ရင်ပေါင်တန်း နိုင်ရန် မဖြစ်မနေ ကြိုးပမ်းလုပ်ဆောင်မည်ဖြစ်သည်။ ထိုသို့ ကြိုးပမ်း လုပ်ဆောင်ရာတွင်လည်း ရုရှားနှင့် တရုတ်တို့၏ တိုးတက်လာသည့် နည်းပညာ စွမ်းပကားကြောင့်ဟု အကြောင်းပြ၍ လုပ်ဆောင်မည် ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ အမေရိကန်က လုပ်ဆောင်လာမည့် တန်ပြန်မှုများသည် တခြားပြိုင်ဘက်နိုင်ငံများနှင့် အမေရိကန် ပြည်ထောင်စုတို့ကြား လက်ရှိ ဖြစ်ပေါ်နေသည့် ပြိုင်ဆိုင်မှုများကို ပိုမို ပြင်းထန်လာစေမည် သာဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရ ပါသည်။ ။

Ref: Sputnik

ဇေယျဘုန်း

Read 77 times