SJ WorldNews - шаблон joomla Авто

နျူကလီးယား ရေငုပ်သင်္ဘောများ ပါဝင်သည့် စစ်သင်္ဘော အသစ်များ ထုတ်ဖော်ပြသမည့် တရုတ်

Sunday, 21 April 2019 12:56 font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံသည် ၄င်း၏စစ်အင်အားကို ခိုင်မာသည်ထက်ခိုင်မာအောင်၊ တောင့်တင်း သည်ထက်တောင့်တင်းအောင် အစဉ်အမြဲ ကြိုးပမ်းလျက်ရှိသည်။ အထူးသဖြင့် သမ္မတ ရှီကျင့်ဖျင်လက်ထက်တွင်  တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA)ကို  ပြင်ဆင်မွမ်းမံမှု အဆင့်မြှင့်တင်မှုများလုပ် ဆောင်ခဲ့သည်။ ထိုကဲ့သို့အဆင့်မြှင့်တင်မှုများ တွင် ကိုယ်ပျောက် တိုက်လေယာဉ်များမှသည် လေယာဉ်တင် သင်္ဘောများအထိ ကိုယ်တိုင် ထုတ်လုပ် နိုင်ခဲ့သည်။

ကာကွယ်ရေး အသုံးစရိတ်များကိုလည်း တစ်နှစ်ပြီး တစ်နှစ်တိုးမြှင့် အသုံးပြုလာသည်။ ယခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ၇ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့်အသုံးပြု သွားမည်ဟု တရုတ်အစိုးရက ပြီးခဲ့သည့်လ တွင်ထုတ်ပြန်ထားသည်။ ထိုကဲ့သို့ ကာကွယ် ရေးအင်အားတိုးမြှင့်မှုများတွင်    ရေတပ်အင်အားတိုးမြှင့်မှုမှာ    အခရာဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် တရုတ်အစိုးရသည် နိုင်ငံ၏ကမ်းရိုးတန်းများမှဝေးကွာသောနေရာ ရှိ အကျိုးစီးပွားများ၊   ကုန်သွယ်ရေးလမ်း ကြောင်းများနှင့်  ပြည်ပရှိ နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်နိုင်ရန်ဖြစ်သည်။

ထို့ကြောင့်   လာမည့်သီတင်းပတ်တွင်ကျင်းပမည့် ရေတပ်တည်ထောင်မှု နှစ်(၇ဝ)ပြည့် စစ်ရေးပြအခမ်းအနားတစ်ခု၌ နျူကလီးယားရေငုပ်သင်္ဘောများနှင့်ဖျက်သင်္ဘောများ အပါအဝင် စစ်သင်္ဘောအသစ်များကို တရုတ်အစိုးရက ထုတ်ဖော်ပြသသွားမည်ဖြစ်သည်။ အဆိုပါစစ်ရေးပြအခမ်းအနားကို ဧပြီ ၂၃ ရက်တွင်ကျင်းပမည်ဖြစ်ပြီး သမ္မတရှီကျင့်ဖျင်

ကိုယ်တိုင်တက်ရောက်ချီးမြှင့်ဖွယ်ရှိသည်။ ထိုအခမ်းအနား၌ စစ်ရေယာဉ် ၃၂ စင်းနှင့် လေယာဉ် ၃၉ စင်းတို့ကို ထုတ်ဖော်ပြသသွား မည်ဟု ရေတပ်ဒုတိယဦးစီးချုပ် ကျူးယန်ဖုန် က နိုင်ငံအရှေ့ပိုင်း ကျင်းတောင်မြို့၌ပြုလုပ် သော သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

စစ်ရေးပြအခမ်းအနားတွင်ပါဝင်ပြသမည့် စစ်သင်္ဘောများတွင် တရုတ်နိုင်ငံ၏ ပထမ ဆုံးသော လေယာဉ်တင် သင်္ဘောဖြစ်သည့် လျောင်နင် လေယာဉ်တင် သင်္ဘောအပြင်  နျူကလီးယားရေငုပ်သင်္ဘောအမျိုးအစားအသစ်များ၊ ဖျက်သင်္ဘောအသစ်များပါဝင်မည်ဟု ကျူးယန်ဖုန်ကပြောသည်။ တရုတ်နိုင်ငံက ကိုယ်တိုင်ဒီဇိုင်းရေးဆွဲတည်ဆောက်နေသည့်    ပထမဆုံးသော ပြည်တွင်းဖြစ် လေယာဉ်တင် သင်္ဘောကိုမူ   ထိုစစ်ရေးပြ အခမ်းအနား၌ တွေ့မြင်ရဖွယ်  ရှိ၊ မရှိကို အတိအကျမသိရသေးပေ။

ထို့ပြင် ရေတပ်စစ်ရေးပြအခမ်းအနား၌  အခြားနိုင်ငံများမှ  ရေတပ်စစ်သင်္ဘောများ လည်း ပါဝင်မည်ဖြစ်သည်။ ပါဝင်မည့်နိုင်ငံ အရေအတွက်အတိအကျကိုမသိရသေးသော် လည်း ရုရှား၊ စင်ကာပူ၊ အိန္ဒိယ၊ ထိုင်းနှင့်  ဗီယက်နမ်နိုင်ငံတို့မှ စစ်သင်္ဘောများပါဝင်မည် ဟု သိရသည်။

ထိုကဲ့သို့ စစ်ရေးပြအခမ်းအနား၌ ပြည်ပနိုင်ငံများမှစစ်သင်္ဘောများကို ဖိတ်ခေါ်ပါဝင်စေခြင်းသည် တရုတ်နိုင်ငံအနေဖြင့် ပွင့်လင်းမြင်သာမှုရှိခြင်းကို ပြသလိုခြင်းဖြစ်ကြောင်း ရေတပ်သုတေသနကျောင်းမှ  သုတေသနပညာရှင် ကျန်းကျိရှေကပြောသည်။

ထက်မြတ်

Ref: Reuters

Read 138 times