SJ WorldNews - шаблон joomla Авто

အမေရိကန်နှင့် ဂျပန်ရေတပ်တို့က တောင်တရုတ်ပင်လယ်၌ ပူးတွဲစစ်ရေး လေ့ကျင့်

Thursday, 13 June 2019 11:29 font size decrease font size decrease font size increase font size increase font size

အမေရိကန်နှင့်  ဂျပန်ရေတပ်တို့သည် တောင်တရုတ်ပင်လယ်၌   ပူးတွဲစစ်ရေး လေ့ကျင့်ကြောင်း   Sankei Shimbun သတင်းစာက ဇွန် ၁၂ ရက်တွင်ဖော်ပြသည်။ အဆိုပါ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွင် အမေရိကန်ရေတပ်မှ နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင်သင်္ဘောဖြစ်သည့် ယူအက်(စ်)အက်(စ်) ရော်နယ်ရေဂင်နှင့် ဂျပန်ရေတပ်မှ အီဇူမိုရဟတ်ယာဉ်တင် သင်္ဘောတို့လည်း ပါဝင်သည်။

ထိုစစ်ရေးလေ့ကျင့်မှုကို ဇွန် ၁ဝ ရက်တွင် စတင်ခြင်းဖြစ်ကြောင်း အီဇူမိုနှင့်အတူ မူရာဆာမီနှင့် အာခီဘုန်း ဖျက်သင်္ဘောများလည်း ပါဝင်ကြောင်း အဆိုပါ ဂျပန်သတင်းစာက ဖော်ပြထားသည်။ ယူအက်(စ်)အက်(စ်) ရော်နယ်ရေဂင်သည် လေယာဉ်နှင့် ရဟတ်ယာဉ် စုစုပေါင်း အစင်း ၉ဝ အထိ တင်ဆောင်နိုင်ကာ ကမ္ဘာ့အကြီးဆုံး စစ်သင်္ဘောများတွင် တစ်စင်းအပါအဝင်ဖြစ်သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုကို လုပ်ရခြင်း၏ ရည်ရွယ်ချက်သည် တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်အများစုကို ၎င်းတို့ပိုင်ဆိုင်သည်ဟု ပြောပြီး ကျွန်းတုများ တည်ဆောက်နေသော တရုတ်နိုင်ငံကို တုံ့ပြန်ရန်ဖြစ်သည်ဟု ဂျပန်သတင်းစာက ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ကို မျှဝေပိုင်ဆိုင်သော အရှေ့တောင်အာရှ နိုင်ငံအချို့နှင့် ပိုင်နက်အငြင်းပွားမှုဖြစ်ပွားစဉ် ထိုပင်လယ်အတွင်း အမေရိကန် စစ်သင်္ဘောများ ဝင်ရောက်ကင်းလှည့်မှုကို ပြင်းပြင်းထန်ထန် သတိပေး ကန့်ကွက်ထားသည်။

ပြီးခဲ့သည့် မေလအစောပိုင်းတွင် အမေရိကန် စစ်ရေယာဉ်နှစ်စင်းသည် တောင်တရုတ် ပင်လယ်ရှိ အငြင်းပွားကျွန်းစုအနီးမှ ဖြတ်သန်း ခုတ်မောင်းမှုကို တရုတ်အစိုးရက အပြစ်တင် ရှုတ်ချသည်။ အမေရိကန်ကမူ ၎င်းတို့၏ လုပ်ဆောင်ချက်သည် လွတ်လပ်စွာ ရေကြောင်း သွားလာခွင့်အရ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု တုံ့ပြန်ထားသည်။

Read 86 times Last modified on Thursday, 13 June 2019 11:30