SJ WorldNews - шаблон joomla Авто

အမေရိကန်၊ အီရန်နှင့် ဟော်မုရေလက်ကြား

Saturday, 15 June 2019 14:12 font size decrease font size decrease font size increase font size increase font size

အမေရိကန်က  အီရန်၏ ရေနံတင်ပို့မှု သုညအထိ ကျဆင်းစေရန် ကြိုးပမ်းနေပြီး နိုင်ငံ၏ စီးပွားရေး ကျဆင်းပါက ဟော်မုရေ လက်ကြားမှဖြတ်သန်းသွားလာနေသည့် လောင်စာဆီတင်သင်္ဘောများကို ဟန့်တားနှောင့်ယှက်မည်ဟု  အီရန်အစိုးရက ခြိမ်းခြောက်ထားသည်။ ထိုစဉ်မှာပင် ကမ္ဘာ့အရေးကြီးဆုံး အသက်သွေးကြော တစ်ခု ဖြစ်သည်ဟုဆိုနိုင်သည့် ဟော်မု ရေလက်ကြား၌ လောင်စာဆီတင် သင်္ဘောများ မကြာခဏ တိုက်ခိုက်ခံနေရသည်။

ဇွန် ၁၃ ရက်ကလည်း ထိုရေလက်ကြား၏ တောင်ဘက်၌ မာရှဲကျွန်းစု အလံလွှင့်ထူထား သော ရေနံစိမ်းတင် သင်္ဘောနှင့်  ပနားမား အလံ လွှင့်ထူထားသော   မက်သနောတင် သင်္ဘောတို့ တိုက်ခိုက်ခံရသည်။ ထိုတိုက်ခိုက်မှု များကို   အီရန်က လုပ်ခြင်းဖြစ်သည်ဟု အမေရိကန်အစိုးရက စွပ်စွဲသော်လည်း အီရန် အစိုးရက ငြင်းဆိုထားဆဲဖြစ်သည်။

ဟော်မုရေလက်ကြားသည်  အိုမန်နှင့် အီရန်တို့ကြားနှင့်  ပါရှန်း ပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်ကွေ့ တို့ကြား၌တည်ရှိသည်။ တစ်ကမ္ဘာလုံးသုံးစွဲသည့် လောင်စာပမာဏ၏ ငါးပုံတစ်ပုံသည် ဟော်မုရေလက်ကြားမှ မဖြစ် မနေ ဖြတ်သန်းနေရပြီး တစ်ရက်ဖြတ်သန်းမှု ပမာဏမှာ ရေနံစည်သန်းပေါင်း ၁၇ ဒသမ ၄ သန်းရှိသည်။

ရေနံတင်ပို့သူများအဖွဲ့(OPEC))၏ အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဆော်ဒီအာရေဗျ၊ အီရန်၊ အာရပ် စော်ဘွားများပြည်ထောင်စု၊ ကူဝိတ်နှင့် အီရတ်တို့သည်  ၄င်းတို့၏ ရေနံစိမ်းများကို ဟော်မု ရေလက်ကြားမှ တစ်ဆင့် တင်ပို့နေရ ခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် သဘာဝ ဓာတ်ငွေ့ရည် အများဆုံး တင်ပို့သူဖြစ်သည့် ကာတာနိုင်ငံ သည်လည်း  ၄င်းတို့၏ ပို့ကုန်များအားလုံးကို ထိုရေလက်ကြားမှ သာ တင်ပို့ရသည်။

ဟော်မု ရေလက်ကြားသည် အမေရိကန် နှင့် အီရန်တို့ကြား ထိပ်တိုက်တွေ့ဆုံမှုများတွင် မပါမဖြစ်သော နေရာ တစ်ခုလည်း ဖြစ်သည်။ ၁၉၈ဝ-၁၉၈၈ ခုနှစ် အီရန်-အီရတ်စစ်ပွဲတွင်  အမေရိကန်နှင့်အီရန်တို့သည် လောင်စာဆီ တင်သင်္ဘောစစ်ပွဲဟု ခေါ်ဆိုနိုင်သည့် တစ် နိုင်ငံ၏ ရေနံတင်ပို့မှုများကို ကျန်တစ်နိုင်ငံက ဖျက်လိုဖျက်ဆီး လုပ်မှုများ ပေါ်ပေါက်သည်။

၁၉၈၈ ခုနှစ် ဇူလိုင်လတွင် အမေရိကန် စစ်သင်္ဘောဗင်ဆင့်သည် အီရန် ခရီးသည်တင် လေယာဉ် တစ်စင်းကို ပစ်ချမှုကြောင့် လေယာဉ် ပေါ်ပါခရီးသည် ၂၉ဝ စလုံးသေဆုံးသည်။ ထိုဖြစ်စဉ်သည် မတော်တဆမှုသာ ဖြစ်သည် ဟု အမေရိကန် အစိုးရက ပြောသည်။ သို့သော် အမေရိကန်တို့က ကြိုတင် စီစဉ်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု အီရန်ကဆိုသည်။

၂ဝဝ၈ ခုနှစ်တွင် အီရန်စစ်ရေယာဉ်များက ဟော်မုရေလက်ကြားရှိ အမေရိကန်စစ်သင်္ဘော သုံးစင်းကိုခြိမ်းခြောက်သည်ဟု အမေရိကန် အစိုးရကပြောသည်။ ၂ဝ၁၂ ခုနှစ်တွင် အီရန် နိုင်ငံ၏ နျူကလီးယား အစီအစဉ်ရပ်တန့်စေ ရန်ကြိုးပမ်းသည့် အနေဖြင့်  ထိုနိုင်ငံ၏ ရေနံ တင်ပို့မှု အပေါ် ပစ်မှတ်ထားသော အရေးယူ ပိတ်ဆို့မှုများ ချမှတ်ပါက ဟော်မုရေလက် ကြားကို ပိတ်ခြင်းဖြင့် လက်တုံ့ပြန်သွားမည်ဟု

အီရန်အစိုးရက အမေရိကန်နှင့် ဥရောပသမဂ္ဂ တို့ကို ခြိမ်းခြောက်သည်။ ၂ဝ၁၉ ခုနှစ်တွင် လည်း  အီရန်က အလားတူခြိမ်းခြောက်ရာမှ လောင်စာဆီတင်သင်္ဘောများ  တိုက်ခိုက်ခံရမှုများ  မကြာခဏ ဖြစ်ပွားနေသည်ကို တွေ့ရသည်။

ထက်မြတ်

Ref: The Straits Times

Read 97 times