SJ WorldNews - шаблон joomla Авто

လမ်းလျှောက်တိုင်း လျှပ်စစ် ထုတ်ပေးမယ့် ကျောပိုးအိတ်

Thursday, 11 July 2019 11:59 font size decrease font size decrease font size increase font size increase font size

နည်းပညာမှတ်စု

ယနေ့လူများ နှင့်အတူသွားလေရာ ပါတတ်သည်က လျှပ်စစ်ပစည်းများဖြစ်သည်။ တစ်ခါတစ်ရံတွင် ထိုလျှပ်စစ် ပစည်း များကို အရေးပေါ်အားသွင်းရန် လိုအပ်ချက်လည်း ရှိလာနိုင်သည်။ အထူးသဖြင့် လျှပ်စစ်မီးအလွယ်တကူ မရသည့် ဝေးလံခေါင်ဖျားသော ဒေသများ၌ အလုပ်လုပ်နေရသူများတွင် ဖြစ်သည်။

ထိုအခက်အခဲကို ဖြေရှင်းရန်အတွက် ကနေဒါနိုင်ငံမှ သုတေသနပညာရှင်များက ကျောပိုးအိတ်တစ်လုံးနှင့်ဆင်တူသော ကိရိယာတစ်ခုကို တီထွင်ဖန်တီးလိုက်သည်။ ထိုကိရိယာကိုကျောပိုးအိတ်ကဲ့သို့ပင် လွယ်ပိုးပြီး လမ်းလျှောက်ပါက ၎င်းကလျှပ်စစ်စွမ်းအင်ကို  ထုတ်လုပ်ပေးနိုင်သည်။

အဓိကအားဖြင့် စစ်သည်များ သို့မဟုတ် ကယ်ဆယ်ရေးအလုပ်သမားများ သို့မဟုတ် ခရီးဝေးသွားသူများ သို့မဟုတ် လေ့လာမှု လုပ်ဆောင်နေသည့် သိပ္ပံ ပညာရှင်များကဲ့သို့  ဝေးလံခေါင်ဖျားသောဒေသများ၌ ကျောပိုးအိတ်လွယ်ကာ သွားလာ ရသူများအတွက် အထူးတီထွင်ထားခြင်းဖြစ်သည်။

ထိုကိရိယာတွင်ပါဝင်သော ပေါင် ၂၀ ရှိ သည့်အလေးပြားက ချိန်သီးကဲ့သို့ဘယ်ညာယမ်းခြင်းဖြင့် လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ် ပေးသည်။ ၎င်းမှထွက်ရှိလာသော လျှပ်စစ်ပမာဏသည် လက်ကိုင် GPS  သို့မဟုတ် အရေးပေါ် အချက်ပြ မီး တို့ကို အသုံးပြုရန် အတွက်လုံလောက်သည်။ စမတ်ဖုန်းကဲ့သို့သော လျှပ်စစ်ပစည်းများ အတွက်မူ ပေါင် ၅၀  ခန့်ရှိသည့် အလေးပြားကို  သယ်ဆောင်ရန် လိုအပ်မည်ဖြစ်သည်။

အဆိုပါလျှပ်စစ်စွမ်းအင်ထုတ်ပေးသည့် ကိရိယာ၏အဓိကအားသာချက်မှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည်သာမက လက် လှည့်ဂျင်နရေတာ များကဲ့သို့ အခြားလျှပ်စစ်စွမ်းအင်ထုတ် ကိရိယာများကို အသုံးပြုသလို သီးသန့် လုပ်ဆောင်ရန် မလိုအပ်ခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော်    စစ်သည် သို့မဟုတ်  ကယ်ဆယ်ရေး အလုပ်သမား သို့မဟုတ်  ကျောပိုးအိတ်လွယ်ကာ  လမ်းလျှောက်သွားလာနေရသည့်မည်သူမဆို ပုံမှန်အတိုင်းလမ်းလျှောက်နေရုံဖြင့် ထိုကိရိယာက လျှပ်စစ်စွမ်းအင် ထုတ်ပေး နေခြင်းကြောင့် ဖြစ်သည်။ ဆိုလာပြားများနှင့်မတူသောနောက်ထပ်အားသာချက်တစ်ခုမှာ မည်သည့်ရာသီ ဥတု အခြေအနေတွင်မဆို  အသုံးပြုနိုင်ပြီး  လျှပ်စစ်စွမ်းအင်   ထုတ်ပေးနိုင်ခြင်းဖြစ်သည်။

ထို့ပြင် ၎င်းကိရိယာသည်လေးလံလွန်း သောကျောပိုးအိတ်ဖြစ်သည်ဟုထင်နိုင်သော်လည်း  တကယ်တမ်းတွင် ထိုကိရိယာကို ကျောပိုးပြီးလမ်းလျှောက်သည့်အခါ ချိန်သီး၏ဘယ်ညာယမ်းမှုကြောင့် လမ်းလျှောက်သူ ထမ်းထားရသော အလေးချိန်ကို ၂၇ ရာခိုင်နှုန်း အထိလျှော့ချပေးနိုင်သည်။

အဆိုပါကိရိယာကိုထုတ်လုပ်သူများမှာ  ကနေဒါနိုင်ငံ ကွင်းတကသိုလ်မှ ဂျင်းပေါမာတင်နှင့် ကျင်းကူလီတို့ဖြစ်သည်။ အနာဂတ် တွင်မူ  ထိုကိရိယာကိုအလေးချိန်နည်းနည်း ဖြင့် လျှပ်စစ်စွမ်းအင်များများ ထုတ်ပေးနိုင်စေသည်အထိ ရရှိရန် လုပ်ဆောင်သွားမည်ဟု ၎င်းတို့နှစ်ဦးက သိပ္ပံ ဂျာနယ်တစ်စောင်တွင် ဖော်ပြထားသည်။

ထက်မြက်

Ref: Mail Online

Read 145 times Last modified on Thursday, 11 July 2019 12:00