SJ WorldNews - шаблон joomla Авто

ပြီးဆုံးရန် တစ်စထက်တစ်စ ပိုမိုနီးစပ်လာသည့် ဖိလစ်ပိုင်စစ်ဘက်၏ မာရာဝီမြို့သိမ်း စစ်ဆင်ရေး

Sunday, 15 October 2017 16:12 font size decrease font size decrease font size increase font size increase font size

ဖိလစ်ပိုင်အစိုးရတပ်များသည် မော့စစ်သွေးကြွများအား မာရာဝီမြို့အတွင်းမှ အပြီးအပိုင် တိုက်ထုတ်ရန်ကြိုးပမ်းချက် တစ်ရပ်အနေဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေသည်မှာ ယခုအခါ အတော်အတန် ခရီးပေါက်လာသည်ကို တွေ့ရသည်။

စစ်သွေးကြွများသည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း လုပ်ဆောင်သည့် ထိုးစစ်ဆင်မှုတစ်ရပ်တွင် စစ်သွေးကြွများထံမှ အစောပိုင်းက ပြန်လည်သိမ်းယူနိုင်ခဲ့သည့် အဆောက်အအုံအတွင်းမှ စစ်သွေးကြွအဖွဲ့ဝင်များ၏ ရုပ်အလောင်း ၂၂ လောင်းနှင့် လက်လုပ်ဗုံး အမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့သည်။ အစိုးရတပ်များသည် အဆိုပါ အဆောက်အအုံကို စစ်သွေးကြွများအား မာရာဝီမြို့အတွင်းမှ အပြီးတိုက်ထုတ်ရန် လုပ်ဆောင်သည့် နောက်ဆုံးထိုးစစ်ဆင်မှု တစ်ရပ်အတွင်း ပြန်လည်သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။ အစိုးရတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်သွေးကြွများ၏ အင်အားမှာ ယခုအခါ သိသိသာသာ ကျဆင်းလာပြီဖြစ်သည်။ ဖိလစ်ပိုင် စစ်သည်များသည် စစ်သွေးကြွများ၏ လက်ဖြောင့်သေနတ်သမား၏ ပစ်ခတ်မှုနှင့် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုကို ကျော်ဖြတ်နိုင်ခြင်းလည်းဖြစ်သည်။ အဆိုပါ အဆောက်အအုံကို ပြန်လည်သိမ်းယူနိုင်ရန် ပြုလုပ်သည့် စစ်ဆင်ရေးအတွင်း အစိုးရတပ်မှ အရာရှိတစ်ဦး သေဆုံးသွားသည်။ သို့ရာတွင် အစိုးရတပ်များသည် စစ်သွေးကြွများ၏ စိတ်ဓာတ်ကို များစွာကျဆင်းစေခဲ့သည်ကို တွေ့ရသည်။

ယခုရှာဖွေတွေ့ရှိသည့်စစ်သွေးကြွများ၏ ရုပ်အလောင်းများတွင် မြို့အား စီးနင်းသိမ်းပိုက်ရာ၌ ဦးဆောင်ခဲ့သည့် ခေါင်းဆောင်တချို့ ပါဝင်နိုင်ဖွယ်ရှိကြောင်းနှင့် ရုပ်အလောင်းများကို သေမှုခင်းစစ်ဆေးသည့် ကျွမ်းကျင်သူများက  စစ်ဆေးလျက်ရှိသည်။  ရုပ်အလောင်းများတွင် ပြည်ပမှဝင်ရောက်လာသည်ဟု ယူဆရသူများလည်း ပါဝင်ကြောင်း စစ်ဘက်မှ ဗိုလ်မှူးကြီး ရိုမီယိုဘရောင်းနားက ပြောကြားထားသည်။

အစိုးရတပ်များသည် လက်ရှိတွင် စစ်သွေးကြွများ သိမ်းပိုက်ထားသည့် နောက်ဆုံးခံစစ် ဧရိယာကို ပြန်လည်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ယင်းခံစစ်ဧရိယာတွင် လူနေအိမ်နှင့် အဆောက်အအုံ ၁၅ဝ ခန့်ရှိနေသည်။ စစ်သွေးကြွများ၏ အင်အားမှာ ယခုအခါ ၄ဝ ခန့်သာ ကျန်ရစ်သည်ဟုယူဆရပြီး ၎င်းတို့သည် ဓားစာခံ ၄၂ ဦးကို ဆက်လက်ဖမ်းဆီးထားသည်။ ထို့ကြောင့် အစိုးရတပ်များမှာ ဖမ်းဆီးခံထားရသည့်ဓားစာခံများ ထိခိုက်မည်ကို ငဲ့ကွက်နေခြင်းကြောင့် စစ်ပွဲမှာ ခန့်မှန်းထားသည်ထက် ပိုမိုကြာမြင့်လာခြင်းဖြစ်သည်။

ဖိလစ်ပိုင်စစ်ဘက်ခေါင်းဆောင်တချို့က မာရာဝီမြို့ရှိစစ်သွေးကြွများ သိမ်းပိုက်ထားသည့် ဒေသအား  လာမည့်ရက်သတ္တပတ်  သို့မဟုတ်   နှစ်ပတ်အတွင်း စစ်သွေးကြွများလက်မှ ပြန်လည်သိမ်းယူနိုင်မည်ဟု ခန့်မှန်းထားသော် လည်း  တချို့က မြို့အား ပြန်လည်သိမ်းပိုက်နိုင်မည့် ရက်ကို အတိအကျသတ်မှတ်ရန် ငြင်းဆိုထားသည်။ ယခုအခါ စစ်သွေးကြွများဘက်မှ အကျဆုံးဦးရေမှာ  မာရာဝီမြို့ကို စီးနင်းတိုက်ခိုက်ခဲ့သည့် မေ ၂၃ ရက်မှ ယခု အချိန်ထိ ၈ဝ၂ ဦးရှိပြီဖြစ်သည်။ အလားတူ စစ်သွေးကြွတိုက်ဖျက်မှု စစ်ဆင်ရေးအတွင်း စစ်သည်နှင့် ရဲတပ်ဖွဲ့ဝင် ၁၆ဝ ဦးနှင့် အရပ်သား ၄၇ ဦး သေဆုံးခဲ့ရသည်။

တစ်ချိန်တည်းမှာပင် မာရာဝီမြို့ကို အစိုးရတပ်များက အောက်တိုဘာ ၁၁ ရက်တွင် လေကြောင်းမှ တိုက်ခိုက်မှုများနှင့် အမြောက်ဖြင့် ပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်လျက် ရှိသောကြောင့်  ဖိလစ်ပိုင်စစ်ဘက်၏ အကြမ်းဖက်စစ်သွေးကြွ တိုက်ဖျက်ရေးနှင့် မာရာဝီမြို့အား  ပြန်လည်သိမ်းပိုက်ရေးအတွက်  လုပ်ဆောင်နေသည့်စစ်ဆင်ရေးသည် ပြီးဆုံးရန် တစ်စထက်တစ်စ ပိုမိုနီးစပ်လာပြီဖြစ်သည်။

Read 70 times Last modified on Monday, 16 October 2017 10:04