SJ WorldNews - шаблон joomla Авто

ပါကစ္စတန်၌ ဆန္ဒပြမှု ပိုမိုပြင်းထန်လာ အခြေအနေကို ထိန်းသိမ်းပေးရန် တာဝန်ရှိသူများက စစ်ဘက်ကို အကူအညီတောင်း

Monday, 27 November 2017 11:47 font size decrease font size decrease font size increase font size increase font size

အစ္စလာမ်မာဘတ် နိုဝင်ဘာ ၂၆

အစ္စလာမ်မာဘတ်မြို့တော်မှ တာဝန်ရှိသူများသည် မြို့တော်တွင် ဖြစ်ပွားနေသည့် ပြင်းထန်သော ဆန္ဒပြမှု အခြေအနေကို ထိန်းသိမ်းရန်အတွက် စစ်ဘက်ကို အကူအညီ တောင်းခံထားကြောင်း ပြည်ထဲရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြို့တော်အတွင်း တပ်ဖြန့်ချထားမည့် တပ်ဖွဲ့ဝင်အရေအတွက်ကို စစ်ဘက်အာဏာပိုင်များက အဆုံးအဖြတ် ပေးမည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ပြောသည်။ ပါကစ္စတန် နိုင်ငံတွင် မြို့တော်ကို ပိတ်ဆို့ဆန္ဒ ပြနေသည့် သဘောထားတင်းမာသော အစ္စလာမ်မစ်ဝါဒီများကို ရဲတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာက နိုဝင်ဘာ ၂၆ ရက်တွင် မျက်ရည်ယိုဗုံးများနှင့် ရော်ဘာကျည်ဆန်များ အသုံးပြု၍ ဖြိုခွင်းရာ ဆန္ဒပြသူခြောက်ဦး ထက်မ နည်း သေဆုံးပြီး ရဲတပ်ဖွဲ့ဝင်များနှင့် အရန်ရဲတပ်ဖွဲ့ဝင်များ အပါအဝင် လူ ၂ဝဝ နီးပါး ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရသည်။ ဆန္ဒပြသူများသည် အဝေးပြေးလမ်းမကြီး၏ လမ်းဆုံကို ပိတ်ဆို့ရန် ကြိုးပမ်းရာတွင် ရဲတပ်ဖွဲ့ကို ကျောက်ခဲများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အစ္စလာမ်မာဘတ် မြို့တော်အပြင် လာဟိုးနှင့်က ရာချီမြို့တို့ အပါအဝင် အခြားမြို့များတွင်လည်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား ပဋိပက္ခများ ဖြစ်ပွားပြီး ဆန္ဒပြသူ ၁၅ဝ ထက်မနည်းကို ဖမ်းဆီးရမိထားသည်။

ဆန္ဒပြသူများသည် အစိုးရက ယခုနှစ် စက်တင်ဘာလတွင် အတည်ပြု ပြဋ္ဌာန်းလိုက်သည့် ရွေးကောက်ပွဲ အက်ဥပဒေပါ ကျမ်းသစ္စာ ကျိန်ဆိုမှု ပြောင်းလဲခြင်းကို ဘာသာရေး စော်ကားမှု တစ်ရပ်အဖြစ် ယူဆကာ ပြီးခဲ့သည့်ရက်သတ္တသုံးပတ်မှ စတင်၍ ဆန္ဒပြ ခင်းဖြစ်သည်။ အစ္စလာမ်မစ်နိုင်ငံရေးပါတီ တစ်ခုဖြစ်သည့် ထရိအီး လာဘက်မှ ပြောရေးဆိုခွင့်ရှိသူ ခါဒင်ဟက်ဆိန်ရစ်ဗီကို ထောက်ခံသော ဆန္ဒပြသူများသည် အစ္စလာမ်မာဘတ်မြို့တော်မှ အိမ်နီးချင်း ရာဝယ်ပင်ဒီမြို့သို့ ဆက်သွယ်ထားသည့် လမ်းမကြီးကို ပိတ်ဆို့ကာ တရားရေး ဝန်ကြီးကို ရာထူးမှဖြုတ်ချရန် တောင်းဆိုထားသည်။

သို့သော် တရားရေးဝန်ကြီး ဇာဟစ်ဟာမစ်ကို ရာထူးမှဖြုတ်ချပေးရန် သဘောတူညီချက် ရရှိသည့်တိုင်အောင် ၎င်းတို့သည် ဆန္ဒပြမှုကို မရပ်တန့်ခဲ့ပေ။ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား အခြေအနေမှာ ပိုမိုတင်း မာလာပြီး ဆန္ဒပြသူများဘက်မှ ခေါင်းဆောင် များသည် တောင်းဆိုမှုများကို တစ်ခုပြီးတစ်ခု ထပ်၍တောင်း ဆိုပြီးယခုအခါ အစိုးရတစ်ဖွဲ့လုံး ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုလျက်ရှိကြောင်း သိရသည်။

Read 342 times Last modified on Monday, 27 November 2017 12:08