SJ WorldNews - шаблон joomla Авто

အခွန် ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်းကို အမေရိကန် အထက်လွှတ်တော် အတည်ပြု

Sunday, 03 December 2017 12:22 font size decrease font size decrease font size increase font size increase font size

မော်စကို ဒီဇင်ဘာ ၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရီပတ်ဘလစ်ကန် ပါတီတို့ ထောက်ခံထားသော အခွန် ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်းကို အမေရိကန် အထက်လွှတ်တော်က အတည်ပြုကြောင်း NBC ရုပ်သံကဖော်ပြသည်။

အဆိုပါ ဥပဒေကြမ်း အတည်ပြုရေးအတွက် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၅၁ မဲကန့်ကွက်မဲ ၄၉ မဲဖြင့် အတည်ပြုနိုင်ခြင်းဖြစ်သည်။ ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍နိုဝင်ဘာ ၁၆ ရက်တွင် အောက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်ခြင်းမှရရှိသော ရလဒ်နှင့်ညှိနှိုင်းကာ အတည်ပြု သွားမည် ဖြစ်သည်။

အခွန် ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ထောက်ခံမဲ အများဆုံး ရရှိသဖြင့် နိုင်ငံအတွက် အကြီးမားဆုံး ပြောင်းလဲမှုကြီး ဖြစ်လာမည်ဖြစ်ကြောင်း အထက်လွှတ်တော်ရှိ ရီပတ်ဘလစ်ကန် ပါတီခေါင်းဆောင် မစ်မက်ကွန်နယ်က သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

ထိုကဲ့သို့ မဲခွဲဆုံးဖြတ်မှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြိုဆိုကြောင်းပြောဆိုပြီး ခရစ္စမတ် ကာလမတိုင်မီ ၄င်းဥပဒေကြမ်းကို လက်မှတ်ထိုးအတည်ပြုရန် စီစဉ်ထားကြောင်း ပြောသည်။ အခွန်ပြုပြင်ပြောင်းလဲရေး ဆိုင်ရာဥပဒေသည် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အထောက်အပံ့ကောင်း ဖြစ်စေမည်ဟု ထရမ့်က ဆက်ပြောသည်။

မကြာသေးမီက ထရမ့်သည် အခွန်ပြောင်းလဲရေးဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲနေမှုကို ရည်ညွှန်း၍ အမေရိကန် နိုင်ငံသားများအတွက် ခရစ္စမတ်လက်ဆောင်ကြီးတစ်ခု စီစဉ်ထား ကြောင်း ပြောဆိုထားသည်။

၎င်းဥပဒေကြမ်းတွင် အမေရိကန် စီးပွားရေး လုပ်ငန်းများအတွက် အခွန်ကို ၃၅ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းအထိ လျှော့ချပေးမည်ဖြစ်ပြီး တစ်ဦးချင်းအတွက် အခွန် ၁၂ ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်း၊ ၃၅ ရာခိုင်နှုန်းစသည့် နှုန်းထားများဖြင့် လျှော့ချပေးမည်ဖြစ်သည်။

အဆိုပါ ဥပဒေသည် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးမည့် အပြင် အမေရိကန် နိုင်ငံအတွက် ဝင်ငွေများစွာရရှိအောင် ဆောင်ရွက်ပေးမည့် ဥပဒေတစ်ရပ် ဖြစ် ကြောင်း ဥပဒေ ရေးဆွဲရေးဆိုင်ရာ ပညာရှင်များက ပြောဆိုထားသည်။

Read 355 times Last modified on Sunday, 03 December 2017 12:24