SJ WorldNews - шаблон joomla Авто

ဒိုင်နိုဆောခေတ်က ကောင်းကင် အရှင်သခင်များ ဖြစ်သည့် တီရိုဆောများ၏ ဥကျောက်ဖြစ် ရုပ်ကြွင်း ၂ဝဝ ကျော်ကို တရုတ်နိုင်ငံ၌ တွေ့ရှိ

Monday, 04 December 2017 09:20 font size decrease font size decrease font size increase font size increase font size

ပေကျင်း ဒီဇင်ဘာ ၃

ဒိုင်နိုဆောခေတ်က ကောင်းကင် အရှင်သခင်များဟု တင်စားခေါ်ဝေါ်ရသည့် တီရိုဆောများ၏ အကောင်း ပကတိအတိုင်း ကျန်ရှိနေသော ဥကျောက်ဖြစ် ရုပ်ကြွင်းအလုံး၂ဝဝ ကျော်ကို တရုတ်နိုင်ငံ၌ ရှာဖွေတွေ့ရှိ သည်။

ထိုသို့ရှာဖွေတွေ့ရှိမှုသည် တီရိုဆောများ၏ ဘဝရှင်သန်မှုပုံစံကို ပိုမိုအသေးစိတ် လေ့လာနိုင်စေမည်ဖြစ်သည်။ နှစ်သန်းပေါင်းများစွာကြာ မြေကြီးအတွင်း၌ နစ်မြုပ်နေသော အဆိုပါဥများသည် သိပ္ပံပညာရှင်များ အနေဖြင့် တီရိုဆော များ၏ မျိုးပွားမှုနှုန်းကို လေ့လာနိုင်ရန် အခွင့်အလမ်းကောင်းများ ရရှိစေမည်ဖြစ်သည်။ အဆိုပါဥများကို တရုတ်နိုင်ငံ ရှင်ကျန်းဒေသရှိ တာပန်-ဟာမီချိုင့်ဝှမ်းမှ တွေ့ရှိခြင်းဖြစ်သည်။ မယုံနိုင်လောက် အောင်အကောင်းပကတိအတိုင်း တည်ရှိနေသော တီရိုဆောဥ ၂၁၅ လုံးအနက် ၁၆ လုံးတွင် ယင်းမျိုးစိတ်၏ သန္ဓေသားဖြစ်တည်စ အဆင့်ရှိသည်များ ပါဝင်သည်။

ထို့ကြောင့် သိပ္ပံပညာရှင်များသည် တီရိုဆောများ အနေဖြင့် ဥမှသည် အရွယ်ရောက်သည့် အနေအထားအထိ မည်ကဲ့သို့ကြီးပြင်းလာသည်ကို ပိုမိုတိကျစွာ လေ့လာနိုင်စေမည်ဖြစ်သည်။ ထို့ပြင် သဲကျောက်ပေါများသော ယင်းဒေသ အတွင်း အလားတူ ဥအလုံးပေါင်း ၃ဝဝ ကျော်အထိရှိနေနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားသည်။ တီရိုဆောများဆိုသည်မှာ မိုးပေါ်တွင်ပျံသန်းနိုင်သည့် သတ္တဝါများဖြစ်ပြီး လွန်ခဲ့သော နှစ် ပေါင်း ၆၆ သန်းကတည်းက မျိုးတုံးကာ ပျောက်ကွယ်သွားပြီဖြစ်သည်။ ယခုတီရိုဆောဥများ တွေ့ရှိသည့် နေရာကို တီရိုဆောများ၏ ဧဒင်ဥယျာဉ်ဟု တရုတ်သိပ္ပံ အကယ်ဒမီမှ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်နှင့် လေ့လာရေးအဖွဲ့ ဦးဆောင်သူ ရှောင်လင်ဝမ်းက ပြောသည်။

Read 281 times Last modified on Monday, 04 December 2017 09:24