SJ WorldNews - шаблон joomla Авто

သတင်းဌာန ကိုးခုကို ပြည်ပ သူလျှိုများအဖြစ် ရုရှား ကြေညာ

Wednesday, 06 December 2017 12:20 font size decrease font size decrease font size increase font size increase font size

မော်စကို ဒီဇင်ဘာ ၅

ရုရှားနိုင်ငံ အတွင်းရှိ မီဒီယာကိုးခုကို ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများထံမှ ငွေကြေး အထောက်အပံ့များ လက်ခံရယူနေသည့် ပြည်ပကိုယ်စားလှယ်များအဖြစ် ရုရှားတရားရေး ဝန်ကြီးဌာနက ကြေညာလိုက်ကြောင်း သိရသည်။ ရုရှားအစိုးရသည် နိုင်ငံ၏မီဒီယာများ ဆိုင်ရာဥပဒေ၏ အပိုဒ်ခွဲ ၆ ကို ပြင်ဆင်မှုများ ပြုလုပ်ပြီး နောက် Radio Liberty နှင့် Voice of America သတင်းဌာနများ အပါအဝင် အခြားမီဒီယာကြီး ခုနစ်ခုကို ပြည်ပနိုင်ငံများနှင့် အဖွဲ့ အစည်းများ၏ ကိုယ်စားလှယ်များအဖြစ် ကြေညာလိုက်ခြင်းဖြစ်သည်။ ဥပဒေပြင်ဆင်ချက်အရ နာမည်ပျက်စာရင်းသွင်း ခံထားရသည့် ပြည်ပမီဒီယာများအား ကိုယ်စားပြုသည့် သတင်းထောက် များအနေဖြင့် ဒူးမာလွှတ်တော်နှင့် ပြည်ထောင်စု ကောင်စီအတွင်းသို့ ဝင်ရောက်ခွင့် တားမြစ်ပိတ်ပင်ခံရမည် ဖြစ်သည်။ ရုရှားအစိုးရအနေဖြင့် ယင်းပိတ်ပင်မှုနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၁၅ ရက်တွင် ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ရုရှား တရားရေး ဝန်ကြီးဌာနက ပြည်ပကိုယ်စားလှယ်များအဖြစ် သတ်မှတ်လိုက်သည့် မီဒီယာစာရင်းကို ထပ်မံတိုးချဲ့သွားမည် မဟုတ်ကြောင်း နိုင်ငံ၏ အချုပ်အခြာအာဏာ ကာကွယ်ရေးဆိုင်ရာ ပြည်ထောင်စု ကောင်စီကော်မရှင်မှ အကြီး အကဲ အန်ဒရေကလီမော့က ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားသည်။ ထို့ပြင် ရုရှားအစိုးရက ပြည်ပကိုယ်စားလှယ်များအဖြစ် သတ်မှတ်လိုက်သည့် စာရင်းတွင်ပါဝင်သော အမေရိကန် မီဒီယာများသည် ၎င်းတို့၏ဝန်ဆောင်မှုကို ရုရှား ဘာသာစကားဖြင့် ဝါဒ ဖြန့်ချိရန် အမေရိကန်နိုင်ငံက ငွေကြေးထောက်ပံ့ထားခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ အဆိုပါ စာရင်းတွင် ဂျာမနီမီဒီယာကြီး တစ်ခုဖြစ်သည့် Deutsche Welle ပါဝင်မည်ဟု မီဒီယာများ က အစောပိုင်းတွင် ဖော်ပြထားသည်။ အမေရိကန် အစိုးရအနေဖြင့် မီဒီယာကန့်သတ်မှုကို ဖယ်ရှားမည်ဆိုပါက ရုရှား အစိုးရက အလားတူ လုပ်ဆောင်ချက်ကို လုပ်ဆောင်ရန် ဆန္ဒရှိနေသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

Read 300 times Last modified on Wednesday, 06 December 2017 12:30