မြောက်ကိုရီးယား အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ယာယီ ဖြေလျှော့ပေးရန် စဉ်းစား လျက်ရှိကြောင်း တောင်ကိုရီးယား အစိုးရက ဇန်နဝါရီ ၉ ရက်တွင် ထုတ်ပြန် လိုက်ပြီး နောက်ပိုင်း နှစ်နိုင်ငံကြားရှိ တင်းမာမှုများ လျှော့ချ နိုင်ရန် အဆင့်မြင ဆွေးနွေးပွဲများ ကျင်းပခြင်း အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂက်တာရက်စ်က ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း ကြိုဆို လိုက်သည်ကို တွေ့ရ သည်။
နှစ်နိုင်ငံစလုံးမှ အဆင့်မြင့် အရာရှိကြီးများကြား နယ်စပ် ကျေးရွာလည်းဖြစ်၊ ယာယီ စစ်ပြေငြိမ်းရေး စာချုပ် ချုပ်ဆိုခဲ့သည့် ကျေးရွာလည်း ဖြစ်သည့် ပန်မွန်ဂျုံ ကျေးရွာ၌ နှစ်နှစ်တာ ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။ ဆွေးနွေးရသည့် အဓိက ရည်ရွယ်ချက်မှာ တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပမည့် ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲ၌ မြောက်ကိုရီးယား အားကစားသမားများ ပါဝင် ယှဉ်ပြိုင်နိုင်ရေး ဆွေးနွေးရန် ဖြစ်သည်။
နောက်ပိုင်းတွင် မြောက်ကိုရီးယား အစိုးရက အဆိုပါ အားကစားပြိုင်ပွဲသို့ ၎င်းတို့ နိုင်ငံမှ အားကစား သမားများကို စေလွှတ်ရန် ဆုံးဖြတ် လိုက်သည်။ တောင်ကိုရီးယား အစိုးရ ဘက်ကလည်း အိုလံပစ် ပြိုင်ပွဲသို့ မြောက်ကိုရီးယားက ၎င်းတို့၏ အားကစားသမားများ စေလွှတ် နိုင်ရေး အတွက် လိုအပ်ပါက မြောက်ကိုရီးယား နိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့ မှုများကို ယာယီ ဖြေလျှော့ပေးရန် စဉ်းစားမည်ဟု ဆိုသည်။
ထိုသို့ လုပ်ဆောင်ရန် တောင်ကိုရီးယား အစိုးရအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် တခြားသက်ဆိုင်သည့် နိုင်ငံများနှင့် ဆွေးနွေး လုပ်ဆောင်မည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ရိုကျူဒုတ်က ထုတ်ပြန်ပြီး နောက်ပိုင်းတွင် နှစ်နိုင်ငံကြား တင်းမာမှုများမှာ လျော့ကျမည့် အလားအလာများ ထွက်ပေါ် လာသည်။
အကြောင်းမှာ မြောက်ကိုရီးယားက ၎င်းတို့၏ နျူကလီးယားနှင့် ဒုံးကျည် စမ်းသပ်မှုများ လုပ်ဆောင်ခြင်း အပေါ် တုံ့ပြန်သည့် အနေဖြင့် ယင်းနိုင်ငံ အစိုးရ အဖွဲ့မှ အရာရှိများ နိုင်ငံ အတွင်းသို့ ဝင်ရောက်လာခြင်းကို တောင်ကိုရီးယား အစိုးရက တားမြစ် ထားခြင်းကြောင့် ဖြစ်သည်။ ယင်းနောက် မြောက်ကိုရီးယား အစိုးရနှင့် သင့်လျော်သည့် အချိန်တွင် ဆွေးနွေးရန် လမ်းဖွင့် ထားသည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြား လိုက်သည်ကို တွေ့ရသည်။
အချုပ်အားဖြင့် ဆိုရပါမူ နှစ်နိုင်ငံကြားရှိ ဆက်သွယ်ရေး လိုင်းများကို ပြန်လည် ဖွင့်လှစ်ရန် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်က အမိန့်ပေးခြင်း၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့ကြား ပြုလုပ်ရန် စီစဉ်ထားသည့် နှစ်နိုင်ငံပူးတွဲ စစ်ရေးလေ့ကျင့်မှုကို အိုလံပစ် အားကစားပြိုင်ပွဲ ကာလအတွင်း ဆိုင်းငံ့ရန် ဆုံးဖြတ်လိုက်ခြင်း စသည့် ဆောင်ရွက်ချက် များသည် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံကြားရှိ တင်းမာမှုများကို ယခင်ကထက် အနည်းငယ် လျော့ကျ လာစေရန် များစွာ အထောက်အကူ ပြုခဲ့သည်ဟု ဆိုနိုင် ပေသည်။ ။
(Ref: Yonhap, Sputnik))