SJ WorldNews - шаблон joomla Авто

အာကာသ နယ်ပယ်တွင် စစ်ဘက်ဆိုင်ရာ ပူးပေါင်းမှုကို တိုးမြှင့်ရန် အမေရိကန်နှင့် ဂျပန် ဆွေးနွေး

Sunday, 14 January 2018 09:50 font size decrease font size decrease font size increase font size increase font size

အာရှ-ပစိဖိတ် ဒေသ၌ တင်းမာမှုများ မြင့်တက်နေစဉ် ဂျပန်နှင့် အမေရိကန် ပြည်ထောင်စုတို့ က အာကာသ နယ်ပယ်တွင် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ ပူးပေါင်းမှုကို တိုးမြှင့်ရန် ဆွေးနွေး လျက်ရှိကြောင်း သိရသည်။

နှစ်နိုင်ငံအကြား အာကာသ စစ်ဘက်ဆိုင်ရာ ပူးပေါင်းမှု တိုးမြှင့်ရေးနှင့် စပ်လျဉ်း၍ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပက်ရှာနာဟန်နှင့် ဂျပန်နိုင်ငံမှ အာကာသ ရေးရာ မူဝါဒဝန်ကြီး မာဆာဂျီမတ် ဆုယာမာတို့က ဇန်နဝါရီ ၁၂ ရက်တွင် တွေ့ဆုံ ဆွေးနွေး ကြသည်ဟု ပင်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူ ဂျက်ဒေးဗစ်က ထုတ်ပြန် ထားသည်။

အဆိုပါ ဆွေးနွေးပွဲ၌ နှစ်နိုင်ငံစလုံးမှ တာဝန်ရှိ သူများက လက်ရှိ အာရှ-ပစိဖိတ် ဒေသ၌ ဖြစ်ပေါ် နေသည့် အခြေအနေ၊ မဟာမိတ်နိုင်ငံများ အနေဖြင့် ဂြိုဟ်တု ဆက်သွယ်ရေးမှ တစ်ဆင့် ပူးပေါင်း ဆောင်ရွက်မှုနှင့် အမေရိကန်က လုပ်ဆောင်နေသည့် အာကာသ စစ်ရေး လေ့ကျင့်မှု တို့၌ ဂျပန်က ပါဝင် လေ့ကျင့်ခြင်း စသည့် နယ်ပယ်များ၌ ပူးပေါင်း ဆောင်ရွက်မှုကို မည်သို့ တိုးမြှင့်နိုင်သည်နှင့် စပ်လျဉ်း၍ အဓိကထား ဆွေးနွေး ကြသည်။

ထို့ပြင် နှစ်နိုင်ငံ တာဝန်ရှိ သူများသည် အာကာသ နယ်ပယ်ကို နိုင်ငံရေးနှင့် စစ်ရေး ဆွေးနွေးမှု အတွင်း ထည့်သွင်း ဆွေးနွေးခြင်းဖြင့် အမေရိကန်-ဂျပန် မဟာမိတ် ပူးပေါင်းမှုကို တိုးမြှင့်ရန် အတွက်လည်း သဘောတူကြောင်း သိရသည်။

အလားတူ အမေရိကန် အစိုးရအနေဖြင့် အာရှ-ပစိဖိတ် ဒေသတွင်းရှိ မဟာမိတ်များ အပေါ် ထားရှိသည့် ကတိက ဝတ်ကို ဖြည့်ဆည်း ပေးသွားမည်ဟု ထပ်မံ အတည်ပြုကြောင်း သိရသည်။

Read 292 times Last modified on Sunday, 14 January 2018 09:52