အစ္စရေး အစိုးရသည် ကနေဒါနှင့် အမေရိကန် ပြည်ထောင်စုတို့ အပါအဝင် ပြည်ပနိုင်ငံများရှိ ၎င်းတို့၏ သံတမန်လုပ်ငန်း အနည်းဆုံး ခုနစ်ခုကို ပိတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဒေသတွင်း သတင်းစာ တစ်စောင်က ဖော်ပြသည်။
အစ္စရေး အစိုးရက အဆိုပါ ဆုံးဖြတ်ချက်ကို ဇန်နဝါရီ ၁၂ ရက်တွင်၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် အသုံးစရိတ်ကို ထုတ်ပြန် ကြေညာစဉ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း Haaretz သတင်းစာတွင် ဖော်ပြ ထားသည်။
အစ္စရေးနိုင်ငံသည် လက်ရှိတွင် အမေရိကန် ပြည်ထောင်စု၌ သံတမန် ရေးရာရုံး ကိုးရုံးနှင့် ကနေဒါနိုင်ငံ၌ သုံးရုံး ဖွင့်လှစ်ထားပြီး ၎င်းသံတမန် လုပ်ငန်းများအတွက် အစ္စရေး အစိုးရက တစ်နှစ်လျှင် ဒေါ်လာ ၃ ဒသမ ၄သန်းမှ ၄ ဒသမ ၄ သန်းအကြား သုံးစွဲ နေရကြောင်း သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။
ထို့ပြင် ဂျာမနီ၊ တူရကီနှင့် ဘရာဇီးနိုင်ငံတို့၌ ဖွင့်လှစ်ထားသည့် အစ္စရေး၏ သံတမန် လုပ်ငန်း များမှာလည်း အပိတ်ခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီး လတ်ဗီးယား၊ လစ်သူရေးနီးယား၊ ဆလိုဗက်ကီးယားနှင့် ချက်သမ္မတ နိုင်ငံတို့ရှိ အစ္စရေး သံတမန် လုပ်ငန်းများ၌ ခန့်အပ်ထားသည့် အမှုထမ်း အရေအတွက်ကို လျှော့ချသွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်ပ နိုင်ငံများရှိ သံတမန် လုပ်ငန်းများကို ပိတ်လိုက်ခြင်းကြောင့် ပြန်လည် ထွက်ပေါ်လာ သည့် ငွေကြေးများကို အစိုးရက ကာကွယ်ရေးနှင့် အိမ်ခြံမြေ ကဏ္ဍတို့၌ အသုံးပြု သွားမည် ဖြစ်ကြောင်း အစ္စရေး အစိုးရနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
အစ္စရေး အစိုးရ၏ အဆိုပါ ဆုံးဖြတ်ချက်သည် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြည်ပနိုင်ငံများ၌ ဖွင့်လှစ် ထားသည့် သံတမန် လုပ်ငန်း၁ဝ၃ ခု အနက်မှ ၂၂ ခုကို တဖြည်းဖြည်း လျှော့ချ သွားမည်ဟု ကြေညာပြီး နောက်ပိုင်း ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။