အိန္ဒိယနိုင်ငံ၌ ဇန်နဝါရီ ၁၃ ရက်က လူခုနစ်ဦး လိုက်ပါလာသည့် အရပ်ဘက် ရဟတ်ယာဉ် တစ်စင်း ပျံသန်းနေစဉ် ပျောက်ဆုံး သွားကြောင်း တာဝန် ရှိသူများက ပြောသည်။
ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ကော်ပိုရေးရှင်း(ONGC)မှ တာဝန်ရှိသူ ငါးဦးနှင့် လေယာဉ်မှူး နှစ်ဦးတို့ လိုက်ပါလာသည့် အဆိုပါ Pawan Hans ရဟတ်ယာဉ်သည် ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီ မိနစ် ၂ဝ တွင် မွမ်ဘိုင်းမြို့ရှိ ဂျူဟူ လေဆိပ်မှ ပျံသန်း ထွက်ခွာပြီး ၁၅ မိနစ် အကြာတွင် လေကြောင်း ထိန်းချုပ်ရေး စခန်း(ATC)နှင့် အဆက်အသွယ် ပြတ်တောက် သွားခြင်း ဖြစ်ကြောင်း သိရသည်။
၎င်း ရဟတ်ယာဉ်သည် ATC အဖွဲ့နှင့် သာမက ONGC အဖွဲ့နှင့် လည်း ရုတ်တရက် အဆက်အသွယ် ပြတ်တောက်သွားခြင်း ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရဟတ်ယာဉ်သည် မွမ်ဘိုင်းမြို့ရှိ ကမ်းရိုးတန်း တစ်လျှောက် ၅၅ ကီလိုမီတာ ဝန်းကျင်ခန့်တွင် ပျံသန်းနေစဉ် ဆက်သွယ်မှု ပြတ်တောက်သွားခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောဆိုချက် အရ သိရသည်။
ထို့နောက် အဆိုပါ အရပ်ဘက်သုံး ရဟတ်ယာဉ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ အာဏာပိုင်များ က စုံစမ်း စစ်ဆေး၍ ရှာဖွေမှုများ လုပ်ဆောင်လျက် ရှိကြောင်း အိန္ဒိယရေတပ်မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။
Pawan Hansရဟတ်ယာဉ် ကုမ္ပဏီသည် အိန္ဒိယ အစိုးရပိုင် ကုမ္ပဏီဖြစ်ပြီး ၎င်း ကုမ္ပဏီမှ ရဟတ်ယာဉ်များကို VIP ခရီးစဉ်များ၊ ဘုရားဖူး ခရီးစဉ်များနှင့် ပြည်ပ ခရီးသွားများ ငှားရမ်းနိုင် သည်ဟု သိရသည်။