SJ WorldNews - шаблон joomla Авто

ပါ့ဂွမ်ဟေး၏ သူငယ်ချင်း ချွဲဆွန်ဆေ ထောင်ဒဏ်နှစ် ၂ဝ နှင့် ဒဏ်ငွေ ဝမ် ၁၈ ဘီလီယံပေးရန် အမိန့်ချမှတ်ခံရ

Wednesday, 14 February 2018 10:11 font size decrease font size decrease font size increase font size increase font size

ဆိုးတရားရုံးသည် တောင်ကိုရီးယားသမ္မတ ဟောင်းပါ့ဂွမ်ဟေး၏ သူငယ်ချင်း ချွဲဆွန်ဆေကို အာဏာအလွဲ သုံးစားပြုလုပ်ပြီး အကျင့်ပျက်ခြစားမှုဖြင့် ဖေဖော်ဝါရီ ၁၃ ရက်တွင် ထောင်ဒဏ်နှစ် ၂ဝ နှင့် ဒဏ်ငွေ ဝမ် ၁၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၆ သန်း) ပေးရန်အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ချွဲသည် အာဏာအလွဲသုံးစားလုပ်မှု၊ လာဘ်ပေးလာဘ်ယူလုပ်မှု၊ နိုင်ငံရေး၌ ကြားဝင်စွက်ဖက်မှု စသည့်အပြစ်များကျူးလွန်ကြောင်း ဆိုးဗဟိုတရားရုံးချုပ်ကတွေ့ရှိသည်။ ၎င်းသည် သမ္မတဟောင်းပါ့နှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကိုအသုံးချပြီး လူမှုရေးအဖွဲ့အစည်းများထံမှ ရန်ပုံငွေများကို ထိန်းချုပ်ခဲ့ကြောင်း တရားသူကြီးက ပြောသည်။ ထို့ပြင် ၎င်းသည် ဆမ်ဆောင်းနှင့် လော့တေကော်ပိုရေးရှင်းအပြင် အခြားကုမ္ပဏီများထံမှ ဝမ် ၁၄ ဘီလီယံလက်ခံခဲ့ပြီး နိုင်ငံရေးတွင်လည်း ဝင်ရောက်စွက်ဖက်မှုများ လုပ်ဆောင်ခဲ့သောကြောင့် ကြီးလေး သည့်အပြစ်ရှိသည်ဟု စွဲချက်တင်ခံရကြောင်း တရားသူကြီးက ဆက်ပြောသည်။

အစိုးရရှေ့နေများသည် ချွဲဆွန်ဆေကို ထောင်ဒဏ် ၂၅ နှစ်ချမှတ်ရန် တောင်းဆိုထားသည့် အသက် ၆၂ နှစ်ရှိချွဲသည် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလတွင်အဖမ်းခံရပြီး အကျင့်ပျက်ခြစားမှု ၁၈ ခုဖြင့် စွဲချက်တင်ခံရကြောင်း သိရသည်။ ထို့ပြင် ဆိုးဗဟိုခရိုင်တရားရုံးသည် တစ်နေ့ထဲမှာပင် လော့တေကုမ္ပဏီဥက္ကဋ္ဌ ရှင်းဒေါင်ဘင်ကို လာဘ်ပေးလာဘ်ယူမှုဖြင့် အပြစ်ရှိကြောင်းစွဲချက်တင်ပြီး ထောင်ဒဏ်နှစ်နှစ်ခွဲ ချမှတ်ခဲ့ကြောင်း သိရသည်။ ရှင်းသည် ၎င်း၏လော့တေကုမ္ပဏီ၏ အကောက်ခွန်ကင်းလွတ်ခွင့်ရ လုပ်ငန်းအတွက်ချွဲ၏ ဖောင်ဒေးရှင်းများသို့ ဝမ် ခုနစ်ဘီလီယံလှူဒါန်းခဲ့သည်ဟု စွပ်စွဲခံရပြီး ဒဏ်ကြေးအဖြစ် အဆိုပါ ငွေပမာဏအတိုင်း ပြန်ပေး ရန် အမိန့်ချမှတ်ခံရသည်။ ကြီးမားကျယ်ပြန့်သည့် လုပ်ငန်းများကို ပိုင်ဆိုင်ထားသော လော့တေကုမ္ပဏီနှင့် ရှင်းသည် အဆိုပါ အမိန့်ကိုငြင်းဆိုထားကြောင်း သိရသည်။

Read 65 times Last modified on Wednesday, 14 February 2018 10:18