SJ WorldNews - шаблон joomla Авто

အာဆီယံ-တရုတ် ပထမဆုံးအကြိမ် ရေကြောင်းလက်တွေ့ လေ့ကျင့်ခန်းကို အောက်တိုဘာလတွင် ပြုလုပ်မည်

Saturday, 04 August 2018 09:12 font size decrease font size decrease font size increase font size increase font size

စင်ကာပူ ဩဂုတ် ၃

အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ)နှင့် တရုတ်တို့ပူးပေါင်း ဆောင်ရွက်မည့် ပထမဆုံးအကြိမ် ရေကြောင်းလက်တွေ့ လေ့ကျင့်ခန်းကို ယခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံ၌ ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ဩဂုတ် ၃ ရက်တွင် ကြေညာသည်။ ယခုနှစ်အတွင်း အဆိုပါ ရေကြောင်းလက်တွေ့ လေ့ကျင့်ခန်း ပြုလုပ်ရန် အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ ကာကွယ်ရေး ဝန်ကြီးများက ဖေဖော်ဝါရီလတွင် သဘောတူခဲ့ပြီးနောက် တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ယခုကဲ့သို့ ထုတ်ဖော်ပြောဆို လိုက်ခြင်းဖြစ်သည်။ အာဆီယံ-တရုတ်ရေကြောင်း လက်တွေ့လေ့ကျင့်ခန်း အတွက်ပြင်ဆင်ရန် စင်ကာပူ နိုင်ငံ၌ ဩဂုတ် ၂ ရက်မှ ၃ ရက်အထိ ကွန်ပျူတာစနစ် အသုံးပြု သဏ္ဌာန်တူ လေ့ကျင့်ခန်းကို ပြုလုပ်သည်။ ကွန်ပျူတာစနစ် အသုံးပြုလေ့ကျင့်မှုကို စင်ကာပူ ရေတပ်က ဦးစီးပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားသို့ စင်ကာပူရေတပ်မှ တာဝန်ရှိသူ ငါးဦးအပါအဝင် တရုတ်နှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံတို့မှ ရေတပ်အရာရှိ ၄၀ ကျော်တက်ရောက်ကာ လေ့ကျင့်ခန်းပြုလုပ်မည့် အစီအစဉ်များကို အတူတကွရေးဆွဲသည်။ အဆိုပါ အစီအစဉ်များတွင် ရေကြောင်းမတော်တဆမှုများ ဖြစ်ပေါ်လာပါက ရှာဖွေ ကယ်ဆယ်မှုများ ပြုလုပ်ရန်နှင့် ဆေးကုသမှု များပေးရန် အစမ်းလေ့ကျင့်မည့် အစီအစဉ်များ ပါဝင်သည်။ အန္တရာယ် ကျရောက်နေသော ရေယာဉ်အနီးသို့ ချဉ်းကပ်ရန်နှင့် ရဟတ်ယာဉ် အသုံးပြု၍ ကယ်ဆယ်မှုများ ပြုလုပ်ရန်အတွက် ကြိုတင်စီစဉ်ထားခြင်း မရှိသော လှုပ်ရှားမှုကို အသုံးပြုရမည့် လေ့ကျင့်ခန်းသည်လည်း အဆိုပါ အစီအစဉ်တွင် ပါဝင်သည်။ စင်ကာပူ နိုင်ငံ၌ ပြုလုပ်သော ကွန်ပျူတာစနစ် အသုံးပြု လေ့ကျင့်ခန်းတွင် ပင်လယ်ပြင်အတွင်း သင်္ဘောနှစ်စင်း တိုက်မိရာမှ မီးလောင်မှု ဖြစ်ပွားခြင်း ကဲ့သို့သော ရေကြောင်း မတော်တဆမှုများ၌ အဖွဲ့ဝင်နိုင်ငံ အချင်းချင်းပူးပေါင်း ဆောင်ရွက်ကူညီရန် လေ့ကျင့်မှုတို့ ပြုလုပ်ကြောင်း သိရသည်။

Read 128 times Last modified on Saturday, 04 August 2018 09:13