SJ WorldNews - шаблон joomla Авто

ဒေါ်လာ ၇၁၇ ဘီလီယံ အသုံးပြုမည့် အမေရိကန် ပြည်ထောင်စု၏ ၂ဝ၁၉ ခုနှစ် ကာကွယ်ရေး အသုံးစရိတ်

Wednesday, 15 August 2018 10:02 font size decrease font size decrease font size increase font size increase font size

၂ဝ၁၉ ခုနှစ်အတွက် အမေရိကန် ပြည်ထောင်စု၏ အမျိုးသား ကာကွယ်ရေး ခွင့်ပြုမိန့် အက်ဥပဒေကြမ်းကို သမ္မတ ဒေါ်နယ်ထရမ့်က သြဂုတ် ၁၃ ရက်တွင် လက်မှတ်ထိုးကာ ဥပဒေအဖြစ် ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

ထိုဥပဒေတွင် ပင်တဂွန် စစ်ဌာနချုပ်အနေဖြင့် နိုင်ငံအတွင်းသို့ ဝင်လာနိုင်သည့် ဒုံးကျည်များကို ခြေရာခံရေးနှင့် ပစ်ချနိုင်ရေးအတွက် ရေဒါများနှင့် ကြားဖြတ် ဒုံးကျည်များကို ပိုမို အဆင့်မြှင့်တင် ထုတ်လုပ်သွားရန် တောင်းဆိုချက်လည်း ပါဝင်သည်။

ထိုဥပဒေအရ ၂ဝ၁၉ ခုနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို ဒေါ်လာ ၇၁၇ ဘီလီယံသတ်မှတ်ပေးထားပြီး ၄င်းအနက်မှ ၁ဝ ဘီလီယံနီးပါးကို ဒုံးကျည်ကာကွယ်ရေး အေဂျင်စီအား ပေးအပ်ထားသည်။ ဒုံးကျည်ကာကွယ်ရေး အေဂျင်စီအနေဖြင့် မြောက်ကိုရီးယား သို့မဟုတ် အီရန်နိုင်ငံတို့မှ ပစ်ခတ်လာနိုင်သည့် ဒုံးကျည်များကို ကြားဖြတ် ပစ်ချနိုင်ရေးအတွက် ဒုံးကျည်ကာကွယ်ရေးစနစ် များကို တိုးချဲ့ရမည် ဖြစ်သည်။

ဒုံးကျည်ကာကွယ်ရေး အေဂျင်စီမှ ခေါင်းဆောင်ဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ဆန်မြူယယ် ဂရိကမူ လက်ရှိတိုက်ချင်းပစ် ပဲ့ထိန်းဒုံး ကျည်ကာကွယ်ရေး စနစ်တွင် Aegis တိုက်ခိုက်ရေး စနစ်ကို ထည့်သွင်းနိုင်သည်အထိ အဆင့်မြှင့်တင် လိုသည်။ ထိုသို့ အဆင့်မြှင့်တင် လိုက်ပါက Aegis စနစ်တပ်ဆင်ထားသော သင်္ဘောများသည် ပစိဖိတ် သမုဒ္ဒရာအတွင်း ကင်းလှည့် နိုင်မည် ဖြစ်ပြီး ကျန်ဒုံးကျည် ကာကွယ်ရေး စနစ်များကို သတင်း အချက်အလက်များ ပိုမိုပြည့်စုံစွာ ထောက်ပံ့ ပေးနိုင်မည် ဖြစ်သည်။

သတ်မှတ်ထားသည့် ကာကွယ်ရေး အသုံးစရိတ်များအနက် ဒေါ်လာ ၆၁၆ ဒသမ ၉ ဘီလီယံကို ပင်တဂွန် စစ်ဌာနချုပ်၏ အခြေခံ အသုံးစရိတ်အဖြစ် သုံးစွဲမည်ဖြစ်သည်။ ၆၉ ဘီလီယံကို ပြည်ပအရေးပေါ် စစ်ဆင်ရေးများအတွက် လည်းကောင်း၊ ၂၁ ဒသမ ၉ ဘီလီယံကို စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ နျူကလီးယားလက်နက် အစီအစဉ်အတွက် လည်းကောင်း သုံးစွဲသွားမည် ဖြစ်သည်။

ယခုလက်မှတ်ထိုး အတည်ပြုလိုက်သည့် အမျိုးသားကာကွယ်ရေး ခွင့်ပြုမိန့် အက်ဥပဒေပါ ကာကွယ်ရေး အသုံးစရိတ်သည် ခေတ်သစ်သမိုင်းကြောင်းတွင် အမေရိကန် တပ်မတော်နှင့် စစ်သည် များအတွက် အရေးပါဆုံးသော ရင်းနှီးမြှုပ်နှံမှု ဖြစ်ကြောင်း၊ ယခင်အချိန်များ နှင့်မတူသည့် အင်အားတောင့်တင်း ခိုင်မာသော တပ်မတော် ဖြစ်ပေါ်လာစေရေးအတွက် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ပြောသည်။ ထို့ပြင် ယခုကဲ့သို့ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်လိုက်သည့်အတွက် စစ်သည်များ အနေဖြင့် အကောင်းဆုံးသော လေယာဉ်များ၊ သင်္ဘောများ၊ တင့်များနှင့် ဒုံးကျည်များကို အသုံးပြုရမည် ဟု ၄င်းကဆိုသည်။

စစ်လက်နက်ပစ္စည်း ဝယ်ယူမှုတွင် အများဆုံး အသုံးစရိတ်မှာ ဒေါ်လာ ၇ ဒသမ ၆ ဘီလီယံဖြစ်ပြီး လော့ဟိမာတင် ကုမ္ပဏီထုတ် F-35 ပူးတွဲတိုက်ခိုက်ရေး တိုက်လေယာဉ် ၇၇ စင်းဝယ်ယူမည် ဖြစ်သည်။ ထို့ပြင် တာဝေးကိုယ်ပျောက်ဗုံးကြဲ လေယာဉ်ဖြစ်သည့် B-21 ထုတ်လုပ်ရေး အသုံးစရိတ်ကိုလည်း ထိုဥပဒေတွင် အတည်ပြုထားသည်။

ရေတပ်အတွက်မူ ကမ်းနီးတိုက်ရေယာဉ်သုံးစင်း၊ Ford အတန်းအစား လေယာဉ်တင် သင်္ဘောလေးစင်း၊ ရေခဲခွဲသင်္ဘော ခြောက်စင်းနှင့် Columbia အတန်းအစား ပဲ့ထိန်း ဒုံးကျည်တင် ရေငုပ်သင်္ဘောတစ်စင်းတို့ကို ဝယ်ယူပေးမည် ဖြစ်သည်။

ကြည်းတပ်အတွက် M1 Abrams တင့် ၁၃၅ စီး၊ Bradley တိုက်ယာဉ်အစီး ၆ဝ၊ ဘက်စုံသုံး သံချပ်ကာယာဉ် ၁၉၇ စီး၊ အဆင့်မြင့် ဆယ်တင်ရေးယာဉ် ၃၈ စီးနှင့် နည်းဗျူဟာမြောက် အပေါ့စားယာဉ် ၃၃၉ဝ စီးတို့ ပါဝင်သည်။

ယခု တိုးမြှင့်လိုက်သည့် ကာကွယ်ရေး အသုံးစရိတ်တွင် စစ်သည်များအတွက် လစာကို ၂ ဒသမ ၆ ရာခိုင်နှုန်း တိုးပေးရန်လည်း ပါဝင်သည်။ ထိုသို့ လစာတိုးမြှင့်မှု နှုန်းသည် ဆယ်စုနှစ် တစ်ခုနီးပါးအတွင်း အမြင့်ဆုံး ဖြစ်သည်။

အလားတူ ထိုဥပဒေတွင် တူရကီနိုင်ငံသို့ F-35 တိုက်လေယာဉ်များ လွှဲပြောင်းပေးခြင်း မပြုရန် တားမြစ်ထားသည့် အချက်လည်း ပါဝင်သည်။ ထိုသို့ တားမြစ်ရခြင်းမှာ တူရကီ အစိုးရက အမေရိကန်၏ ကန့်ကွက်မှုများရှိ နေသည့်ကြားမှ ရုရှားနိုင်ငံလုပ် S-400 ပဲ့ထိန်းဒုံး  ကျည်ကာကွယ်ရေး  စနစ်ကို ဝယ်ယူရန် ဆုံးဖြတ်ခြင်းကြောင့် ဖြစ်သည်။

ထို့ပြင် ယခု ကာကွယ်ရေးဥပဒေတွင် ပါဝင်သော အဓိကအချက်မှာ တရုတ်နိုင်ငံကို ရေရှည် မဟာဗျူဟာမြောက်ယှဉ်ပြိုင်ရန် သတ်မှတ်ထားခြင်း ဖြစ်သည်။ သို့သော် အမေရိကန် အစိုးရ၏ လုပ်ဆောင်ချက်မှာ စစ်အေးကာလ သဘောထားများ ပါဝင်နေပြီး တရုတ်-အမေရိကန် ထိပ်တိုက်တွေ့ဆုံမှုကို ပိုမိုအရှိန်မြင့်တက်စေမည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အလားတူ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများက အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာနိုင်မှု ရှိ၊ မရှိကို ဆန်းစစ်နိုင်ရန်အတွက် အမေရိကန် ပြည်ထောင်စု နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကော်မတီကို အဆိုပါ ဥပဒေက လုပ်ပိုင်ခွင့် အာဏာ ပိုမိုပေးအပ်ထားသည်။ ထိုသို့ လုပ်ဆောင်ခြင်း မှာလည်း တရုတ်နိုင်ငံပေါ် ပစ်မှတ်ထားခြင်း ဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။

ထို့ပြင် ယင်းဥပဒေတွင် တရုတ်(တိုင်ပေ) နှင့် ဆက်ဆံရေး ကဏ္ဍ ပါဝင်လာသောကြောင့် တရုတ်(တိုင်ပေ)ကို ၄င်းတို့၏ ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားသည့် တရုတ်နိုင်ငံကို စိတ်ဆိုးဒေါသထွက်စေခြင်းလည်း ဖြစ်သည်။

Ref: CNBC, Sputnik, Reuters

Read 192 times Last modified on Wednesday, 15 August 2018 10:03