SJ WorldNews - шаблон joomla Авто

ဂျပန်နိုင်ငံရှိ တောအုပ်အတွင်း ပျောက်ဆုံးနေသည့် အသက်နှစ်နှစ်ရှိ ကလေးငယ်ကို အသက်ရှင်လျက် ပြန်တွေ့

Thursday, 16 August 2018 10:28 font size decrease font size decrease font size increase font size increase font size

တိုကျို သြဂုတ် ၁၅

ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ တောအုပ် တစ်ခုအတွင်း၌ ပျောက်ဆုံးသွားသော အသက် နှစ်နှစ်ရှိ ကလေးငယ်ကို သုံးရက်အကြာတွင် ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိဘဲ အသက်ရှင်လျက် ပြန်လည် တွေ့ရှိကြောင်း သိရသည်။

ယိုရှီကီဖူဂျီမိုတို အမည်ရှိ ထိုကလေးငယ်သည် သြဂုတ် ၁၂ ရက် နံနက်ပိုင်းတွင် ယာမာဂူချီ ဒေသ၌ ၄င်း၏အစ်ကို၊ အဘိုးတို့နှင့် လမ်းလျှောက် ထွက်လာစဉ် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့နှင့် ဒေသခံ ပြည်သူများသည် အဆိုပါ ကလေးငယ်ကို တောအုပ်အတွင်း၌ ပိုက်စိပ်တိုက် ရှာဖွေခဲ့သော်လည်း အိမ်နီးချင်း ဒေသမှ အသက် ၇၈ နှစ်ရှိ စေတနာ့ ဝန်ထမ်း တစ်ဦးက သြဂုတ် ၁၅ ရက် နံနက်ပိုင်းတွင် ကလေးငယ်ကို အမှတ်မထင် တွေ့ရှိခြင်း ဖြစ်သည်။

လမ်းလျှောက် တတ်ခါစ အဆိုပါ ကလေးငယ်သည် ဗွက်ရေအိုင် ထဲသို့ ခြေထောက်ကို ချထားကာ ကျောက်တုံးပေါ်၌ ထိုင်နေကြောင်း စေတနာ့ဝန်ထမ်း အဘိုးအို ဟာဂူအိုဘာတာ က ပြောသည်။

ကလေးငယ်ကို ရှာဖွေရန်အတွက် ကင်မရာ တပ်ဆင်ထားသော ဒရုန်းများ၊ အပူငွေ့ အာရုံခံ ကင်မရာများ၊ ရှာဖွေရေး ခွေးများနှင့် ရဟတ်ယာဉ် များအပြင် ရဲတပ်ဖွဲ့ဝင် ၁၆ဝ နှင့် စေတနာ့ဝန်ထမ်း အများအပြားကို အသုံးပြုခဲ့သည်။ သို့သော် ကလေးငယ်ကို ပြန်တွေ့သည့် နေရာမှာ ၄င်းပျောက်ဆုံးသွားသည့် နေရာမှ မီတာ ၁ဝဝ၊ ၂ဝဝ အကွာတွင် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကလေးငယ် ပျောက်ဆုံးသွားသည့် သုံးရက်အတွင်း၌ ဂျပန်နိုင်ငံ၏ အပူချိန်သည် ၃၄ ဒီဂရီစင်တီဂရိတ် ရှိသောကြောင့် ထိုကာလအတွင်း ကလေးငယ် အသက်ရှင်နေသည်မှာ အံ့အားသင့်ဖွယ် ကောင်းသည်။

ကလေးငယ်သည် ခြစ်မိသည့်ဒဏ်ရာ အနည်းငယ်နှင့် မဆိုစလောက် ရေဓာတ်ခန်း ခြောက်နေ သည်သာ တွေ့ရကြောင်း ဆေးရုံတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကလေးငယ် ပျောက်ဆုံးသွားသည့် သစ်တော ဖုံးလွှမ်းသော နေရာ၌ ချောင်းငယ်နှင့် မြစ်များ ရှိသည့်အတွက် ကလေးငယ်သည် ပျောက်ဆုံးနေစဉ် ကာလအတွင်း အဆိုပါ ရေများကို သောက်သုံးပြီး အသက်ရှင်ခြင်း ဖြစ်နိုင်ကြောင်း အချို့မီဒီယာများက ခန့်မှန်းပြောဆိုသည်။

Ref: AFP

Read 191 times Last modified on Thursday, 16 August 2018 10:29