SJ WorldNews - шаблон joomla Авто

နှစ်ဦးနှစ်ဖက် အကျိုးအတွက် ပူတင်က ကင်ဂျုံအွန်နှင့် တွေ့မည်

Thursday, 16 August 2018 11:30 font size decrease font size decrease font size increase font size increase font size

ပြုံယမ်း သြဂုတ် ၁၅

မြောက်ကိုရီးယား-ရုရှား ဆက်ဆံရေးတွင် နှစ်ဦးနှစ်ဖက် အကျိုးရှိစေရေးအတွက် မြောက်ကိုရီး ယား ခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံမည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင် ကပြောကြောင်း KCNA သတင်းဌာနက သြဂုတ် ၁၅ ရက်တွင် ထုတ်ပြန်သည်။

နှစ်နိုင်ငံ ဆက်ဆံရေးအပြင် ဒေသတွင်း ကိစ္စများနှင့် စပ်လျဉ်း၍ မကြာမီတွင် ကင်ဂျုံအွန်နှင့် တွေ့ဆုံမည်ဟု ပူတင်က မြောက်ကိုရီးယား အစိုးရထံ ပေးပို့သည့်စာတွင် ဖော်ပြထားသည်။ ဂျပန်လက်အောက်မှ ကိုရီးယားကျွန်းဆွယ် လွတ်မြောက်သည့် နှစ်(၇ဝ)ပြည့် အထိမ်းအမှတ် အဖြစ် ပူတင်က အဆိုပါစာကို ပေးပို့ခြင်း ဖြစ်သည်။ ထို့ပြင် ဒုတိယ ကမ္ဘာစစ်အတွင်း ကိုရီးယား ပြည်သူများက ဆိုဗီယက် စစ်သည်များနှင့် ပူးပေါင်း၍ ဂျပန်ကို တိုက်ခိုက် ခဲ့ခြင်းအတွက် ပူတင်က ချီးကျူးထားကြောင်း သိရသည်။

အလားတူ ရုရှား၊ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့ အနေဖြင့် သုံးနိုင်ငံကြား စီမံကိန်းများကို စတင် အကောင်အထည်ဖော် ဆောင်ခြင်းအားဖြင့် အပြန်အလှန် အကျိုး ဖြစ်ထွန်းစေမည့် ပူးပေါင်း ဆောင်ရွက်မှုကို တည်ထောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပူတင်က ဆက်ပြောသည်။

မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအွန်သည် တောင်ကိုရီးယား သမ္မတမွန်ဂျေးအင်၊ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့နှင့် ထိပ်သီး ဆွေးနွေးပွဲများ ကျင်းပပြီးနောက် ကိုရီးယား ကျွန်းဆွယ်၌ တင်းမာမှုများ လျော့ကျလာသည်။

ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယား လုံးဝကင်းစင်အောင် လုပ်ဆောင်ရာတွင် နိုင်ငံတကာ၏ အာမခံချက် လိုအပ်ကြောင်းနှင့် ရုရှားနိုင်ငံ အနေဖြင့် အဆိုပါ လုပ်ဆောင်မှုတွင် ပါဝင် အကူအညီပေးရန် အသင့်ရှိကြောင်း ပူတင်က ယခုနှစ် ဇူလိုင်လအတွင်း ပြောထားသည်။

ထို့ပြင် ရုရှားအစိုးရ အနေဖြင့် မြောက်ကိုရီးယားနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်နိုင်ရေး သဘောတူညီချက်များ ချမှတ်ရန် အသင့်ရှိကြောင်း ပူတင်က ပြောသည်ဟု သတင်းဌာန တစ်ခု၏ ထုတ်ပြန်ချက်အရ သိရသည်။

Ref: Sputnik

Read 160 times Last modified on Thursday, 16 August 2018 11:34