SJ WorldNews - шаблон joomla Авто

နောက်ဆုံး တွေ့ဆုံမှုနှင့် ခွဲခွာမှု ဖြစ်လာနိုင်သည့် နှစ်ပေါင်း ၇ဝ နီးပါး ကြာကွဲကွာခဲ့ ရသူတို့၏ ပထမဆုံးအကြိမ် တွေ့ဆုံပွဲ

Monday, 20 August 2018 09:44 font size decrease font size decrease font size increase font size increase font size

၁၉၅ဝ - ၁၉၅၃ ခုနှစ်တွင် ဖြစ်ပွားသော ကိုရီးယား စစ်ပွဲကြောင့် ကိုရီးယား ကျွန်းဆွယ် ၌ နေထိုင်ကြသော ညီအစ်ကို မောင်နှမများ၊ မိဘများနှင့် သားသမီးများ၊ ခင်ပွန်းများနှင့် ဇနီးများတို့မှာ နိုင်ငံခြားကာ တကွဲတပြားစီ ဖြစ်ခဲ့ရသည်။

ထိုအချိန် မှစ၍ ကွဲကွာ ခဲ့ရသူများအနက် အချို့သော မိသားစုဝင်များမှာ နှစ်ပေါင်း ၇ဝ နီးပါးအကြာမှ ပထမဆုံးအကြိမ်အဖြစ် ပြန်လည် တွေ့ခွင့်ရရှိပြီ ဖြစ်သည်။

ယခုနှစ်အတွင်း ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများ သိသိသာသာ လျင်မြန်စွာ လျော့ကျ လာမှု၏ ရလဒ်တစ်ခု အဖြစ် ကွဲကွာနေသူ များ၏ သုံးရက်ကြာ ပြန်လည် တွေ့ဆုံမှု ဖြစ်ပေါ် လာခြင်း ဖြစ်သည်။

ကွဲကွာနေသူများ ပြန်လည်တွေ့ဆုံပွဲကို ကွန်ဂန်တောင် အပန်းဖြေစခန်း၌ သြဂုတ် ၂ဝ ရက်မှစ၍ သုံးရက်ကြာ ပြုလုပ်သွားမည် ဖြစ်သော်လည်း တောင်ကိုရီးယား နိုင်ငံရှိ ကွဲကွာ နေသူများသည် သြဂုတ် ၁၉ ရက်ညနေပိုင်း မှစ၍ ထိုနေရာသို့ ရောက်ရှိလာနေကြပြီ ဖြစ်သည်။ ယခုပြုလုပ်သည့် ကွဲကွာနေသူများ ပြန်လည် တွေ့ဆုံပွဲသည် သုံးနှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။

ယခုတွေ့ဆုံပွဲတွင် အသက် ၉၂ နှစ်ရှိပြီ ဖြစ်သည့် အမယ်အို တစ်ဦးဖြစ်သော လီကွမ်ဆောင် လည်း ပါဝင်သည်။ လီကွမ်ဆောင်မှာ ကိုရီးယား စစ်ပွဲကာလအတွင်း ကွဲကွာ သွားခဲ့သည့် ၄င်း၏သားကို ပထမဆုံးအကြိမ် အဖြစ် ပြန်လည် မြင်တွေ့ခွင့်ရရန် စောင့်ဆိုင်းနေသူ ဖြစ်သည်။

လီကွမ်ဆောင်သည် စစ်ပွဲကြောင့် မိသားစု တကွဲတပြား ဖြစ်သွားချိန်တွင် ခင်ပွန်းနှင့် အသက်လေးနှစ်ရှိသားကို စွန့်ခွာခဲ့ရကာ မွေးကင်းစ သမီးငယ်ကို ခေါ်ဆောင်၍ တောင်ကိုရီးယားနိုင်ငံသို့ ထွက်ခွာသည့် သင်္ဘောပေါ်သို့ တက်လာရခြင်း ဖြစ်သည်။

လီကွမ်ဆောင် အနေဖြင့် တောင်ကိုရီးယား နိုင်ငံ၌ နောက်အိမ်ထောင်ပြုပြီး သားသမီး ခုနစ်ဦး ထပ်မံမွေးဖွား ခဲ့သော်လည်း မြောက်ကိုရီးယားနိုင်ငံ၌ ကျန်ရစ်ခဲ့သော သားအကြီးဆုံး ကိုသာ အမြဲတမ်းလိုလို စိုးရိမ်နေခဲ့ရသူ ဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ တွေ့ဆုံရမည်ဟု ဆိုလာချိန်တွင် ၄င်းအနေဖြင့် အိပ်မက်လား၊ တကယ့်ဖြစ်ရပ်လား ဆိုသည်ကို ဝေခွဲမရသေးကြောင်း လီကွမ်ဆောင်က ဆိုသည်။

ယခုအခါ အသက် ၇၁ နှစ်ရှိပြီ ဖြစ်သည့် ၄င်း၏ သားအနေဖြင့် မိသားစု ကွဲကွာသွားစဉ် က အသက်လေးနှစ်သာ ရှိသေးသောကြောင့် ထိုအချိန် ကာလအတွင်း မည်သည့်နေရာတွင် နေထိုင်၍ မည်သို့ ကြီးပြင်း ခဲ့ရသည်ကို လီကွမ်ဆောင် အနေဖြင့် မှတ်မှတ်ရရ မေးမြန်းရတော့

မည်ဖြစ်သည်။

ကိုရီးယား စစ်ပွဲသည် ငြိမ်းချမ်းရေး သဘောတူစာချုပ် မဟုတ်သည့် စစ်ပြေငြိမ်းရေး စာချုပ်ဖြင့်သာ အပစ်အခတ် ရပ်စဲခဲ့ရသည့်အတွက် သတ်မှတ်ချက်အရ ကြည့်မည်ဆိုပါက လက်ရှိတွင် ကိုရီးယား နှစ်နိုင်ငံသည် စစ်ဖြစ်နေဆဲပင် ဖြစ်သည်။ ထို့ကြောင့် ကွဲကွာနေရသည့်

မိသားစုဝင်များ ပြန်လည် ပေါင်းစည်းမှု မရရှိသေးသည့် အပြင် တစ်ဖက်နိုင်ငံတွင် ရောက်ရှိနေသော မိသားစုဝင် များထံသို့ သတင်းစကားပင် မေးမြန်းခွင့် မရရှိခဲ့ပေ။

ထို့နောက် ကိုရီးယား နှစ်နိုင်ငံသည် ၂ဝဝဝ ပြည့်နှစ် မှစ၍ ကွဲကွာနေသော မိသားစုဝင်များ ပြန်လည် တွေ့ဆုံပွဲကို အကြိမ် ၂ဝ အထိ ပြုလုပ်ပေးခဲ့သည်။ သို့သော်လည်း သက်ကြီးရွယ်အို မိသားစုဝင် များအတွက် အချိန်လုံလုံ လောက်လောက် မရရှိခဲ့ပေ။

ပြန်လည်တွေ့ဆုံပွဲ အစီအစဉ် စတင်ချိန် မှစ၍ တောင်ကိုရီးယား နိုင်ငံသား ၁၃ဝဝဝဝ ကျော်က ကွဲကွာနေသော မိသားစုများနှင့် တွေ့ဆုံခွင့်ရရန် လက်မှတ်ထိုး တောင်းဆိုထားခြင်း

ဖြစ်သည်။ သို့သော် တောင်းဆိုထားသူ များအနက် အများစုမှာ ယခုအခါ ကွယ်လွန်သွားကြပြီ ဖြစ်သည်။ ယခုကဲ့သို့ ကွဲကွာနေသော မိသားစုဝင်များ ပြန်လည် တွေ့ဆုံခွင့်ရရန် စောင့်ဆိုင်း နေသူများတွင် အသက် ၈ဝ ကျော် သူများက အများဆုံး ဖြစ်သည်။ ယခုနှစ် တွေ့ဆုံမှုတွင် ပါဝင်ခွင့် ရသူများအနက် အသက် အကြီးဆုံးမှာ အသက် ၁ဝ၁ နှစ်ရှိသူ ဖြစ်သည်။

ယခုနှစ်တွေ့ဆုံပွဲသို့ တောင်ကိုရီးယားမှ သက်ကြီးရွယ်အို ၈၉ ဦးသာ လာရောက်နိုင်သည်။ အချို့မှာ တွေ့ဆုံပွဲသို့ လာခါနီးမှ တစ်ဖက်နိုင်ငံရှိ ၄င်းတို့၏ မိသားစုဝင်များ သေဆုံးသွားသည့် အတွက် ထိုပွဲသို့ မလာနိုင်သူများလည်း ရှိသည်။

ယခုပွဲသို့ လာရောက် နိုင်သူများကလည်း ကွဲကွာနေသူများနှင့် သုံးရက်ကြာ တွေ့ဆုံခွင့် ရရှိမည် ဖြစ်သော်လည်း အချိန်နာရီအားဖြင့် ၁၁ နာရီသာ ရရှိမည် ဖြစ်သည်။ ထိုသို့ တွေ့ဆုံစဉ် တွင်လည်း တင်းကျပ် လွန်းသော ထောက် လှမ်းရေးများ၏ စောင့်ကြပ်မှု များအောက်တွင်သာ တွေ့ဆုံရမည် ဖြစ်သည်။

သြဂုတ် ၂၂ ရက်တွင်မူ ၄င်းတို့အနေဖြင့် မျက်ရည်များဖြင့် နှုတ်ဆက်ကာ နောက်ထပ်တစ်ကြိမ် ပြန်လည် ခွဲခွာရဦးမည် ဖြစ်သည်။

နောက်တစ်ကြိမ် ပြန်လည် တွေ့ဆုံပွဲကို မည်သည့် အချိန်တွင် လုပ်ဖြစ်မည် မသိရသေးသည့် အပြင် ထိုသို့တွေ့ဆုံပွဲလုပ် ဖြစ်ပါကလည်း အသက်အရွယ် အိုမင်းလာပြီ ဖြစ်သော ကွဲကွာနေသူ များအနေဖြင့် သက်ရှိထင်ရှားရှိနေဦးမည်လား ဆိုသည်မှာလည်း မသေချာပေ။

ထို့ကြောင့် ယခုတွေ့ဆုံမှုနှင့်ခွဲခွာမှုတို့သည် ၄င်းတို့၏ ဘဝတစ်သက်တာ အတွင်း နောက်ဆုံးအကြိမ် တွေ့ဆုံမှုနှင့် ခွဲခွာမှုပင် ဖြစ်လာ နိုင်ပေသည်။

Ref: AFP

Read 199 times Last modified on Monday, 20 August 2018 10:06