SJ WorldNews - шаблон joomla Авто

ကနေဒါကို NAFTA မှထုတ်ပယ်မည်ဟု ထရမ့်ခြိမ်းခြောက်

Monday, 03 September 2018 10:03 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန် စက်တင်ဘာ ၂

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးတို့၏ ဆွေးနွေးမှုတွင် မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ် (NAFTA)ကို ပြန်လည် ပြင်ဆင်ရေးဆွဲရန် ဆုံးဖြတ်ချက် မချမှတ်နိုင်ပြီးနောက် ကနေဒါနိုင်ငံကို ထိုစာချုပ်မှ ထုတ်ပယ်မည်ဟု ထရမ့်က စက်တင်ဘာ ၁ ရက်တွင်ခြိမ်းခြောက်လိုက်သည်။ NAFTA စာချုပ်အသစ်တွင် ကနေဒါနိုင်ငံ ပါဝင်ရန်အတွက် နိုင်ငံရေးအရ မလိုအပ်ကြောင်း၊ ဆယ်စုနှစ်ပေါင်း များစွာကြာ ဖိနှိပ်ခံခဲ့ရသည့် အမေရိကန်အတွက် သာတူညီမျှရှိသော သဘောတူညီချက်မရလျှင် ကနေဒါ နိုင်ငံကို ထိုစာချုပ်မှ ထုတ်ပယ်သွားမည်ဟု ထရမ့်က ၎င်း၏တွစ်တာ စာမျက်နှာတွင် ရေးသားထားသည်။ ထို့ပြင် NAFTA စာချုပ်အသစ်အတွက် ကနေဒါနှင့် ဆွေးနွေးမှုများကို ဥပဒေပြုလွှတ်တော်က ဝင်ရောက် မစွက်ဖက်သင့်ကြောင်း၊ ထိုသို့ ဝင်ရောက်စွက်ဖက်ပါက ၎င်းအနေဖြင့် NAFTA စာချုပ်ကို အပြီးတိုင်စွန့်လွှတ်မည် ဖြစ်ကြောင်း ထရမ့်ကဆက်ပြောသည်။ အဆိုပါ စာချုပ်အသစ် ချုပ်ဆိုနိုင်ရေးနှင့် ပတ်သက်၍ အမေရိကန်-ကနေဒါ ကုန်သွယ်ရေး ဆွေးနွေးပွဲကို စက်တင်ဘာ ၅ ရက်တွင် ပြန်လည် စတင်မည်ဖြစ်ပြီး ၂၅ နှစ်ကြာသက်တမ်း ရှိပြီဖြစ်သည့် ထိုစာချုပ်တွင် ကနေဒါနိုင်ငံ ပါဝင်ရေးအတွက် အခွင့်အရေး ရှိနေဆဲဖြစ်သည်။ သို့သော် ထရမ့်၏ ပြောဆိုမှုများသည် ကနေဒါဘက်မှ ဆွေးနွေးညှိနှိုင်းသူများကို ဖိအားပေးသည့်သဘော သက်ရောက်နေသည်။ ပြီးခဲ့သည့် သီတင်းပတ် အစောပိုင်းတွင် NAFTA စာချုပ်ကို အသစ်ပြန်လည် ချုပ်ဆိုရန်အတွက် နှစ်နိုင်ငံ သဘောတူညီချက်များ ရရှိလုနီးပါး ဖြစ်ခဲ့သော်လည်း ထရမ့်၏မှတ်ချက်ပြု ပြောဆိုမှုအချို့ကြောင့် မအောင်မြင်ခဲ့ခြင်းဖြစ်သည်။ NAFTA စာချုပ်အသစ်အတွက် အမေရိကန်နှင့် မက္ကဆီကိုတို့က သဘောတူညီချက်များ ရရှိခဲ့ပြီးဖြစ်သည်။ ထိုသဘောတူညီချက် များတွင် မော်တော်ကား ကုန်သွယ်မှုအတွက် စည်းမျဉ်းအသစ်များအပြင် အလုပ်သမားများနှင့် ဥာဏမူပိုင်ခွင့်တို့ကို အကာအကွယ်ပေးမည့် တင်းကျပ်သော ပြဋ္ဌာန်းချက်များ ပါဝင်သည်။ ထို့ကြောင့် ကနေဒါနိုင်ငံ အနေဖြင့် ထိုစာချုပ်တွင် မပါဝင်နိုင်ပါက အမေရိကန် ပြည်ထောင်စုက မက္ကဆီကိုနှင့် ကုန်သွယ်ရေး သဘောတူစာချုပ်သစ် ချုပ်ဆိုသွားရန် အသင့်ရှိသည်ဟု အမေရိကန် တာဝန်ရှိသူများ ပြောကြောင်း သိရသည်။

Read 189 times Last modified on Monday, 03 September 2018 10:03