SJ WorldNews - шаблон joomla Авто

အမေရိကန် အစိုးရ၏ တင်းကျပ်သော လူဝင်မှုကြီးကြပ်ရေး ဥပဒေကြောင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများ အထိနာနေ

Tuesday, 04 September 2018 09:57 font size decrease font size decrease font size increase font size increase font size

အမေရိကန်အစိုးရက လက်ရှိချမှတ်ထားသော တင်းကျပ်လွန်းသည့် လူဝင်မှုကြီးကြပ်ရေး ဥပဒေကြောင့် ပြည်ပအလုပ်သမားများ အမေရိကန် ပြည်ထောင်စုသို့ ဝင်ရောက်လာမှု ကျဆင်းသွားသည့်အတွက် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ အထိနာနေပြီဟု စီးပွားရေး လုပ်ငန်းရှင်အချို့က ညည်းညူနေကြပြီဖြစ်သည်။ အမေရိကန် အစိုးရသည် အလုပ်ဗီဇာများကို ငြင်းပယ်ကာ လိုအပ်သည်ထက် ပိုမိုများပြားသော အထောက်အထားများကို တောင်းခံပြီး ဗီဇာထုတ်ပေးရန်လည်း ကြန့်ကြာမှုများရှိနေသည်။ ထို့ကြောင့် ပြည်ပမှ ကျွမ်းကျင် အလုပ်သမား အများစု၏အားဖြင့် လည်ပတ်နေရသော ဆေးရုံများ၊ ဟိုတယ်များ၊ နည်းပညာ ကုမ္ပဏီများနှင့် အခြားစီးပွားရေး လုပ်ငန်းများ အနေဖြင့် လုပ်သားရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်လာရပြီဖြစ်သည်။ ပြည်ပအလုပ်သမားများ ရှားပါးလာမှုကြောင့်လည်း ရာသီပေါ် စီးပွားရေး လုပ်ငန်းများဖြစ်သည့် ဟိုတယ်နှင့် ဥယျာဉ်ပန်းမန် အလှပြုပြင်ရေး ကဲ့သို့သော လုပ်ငန်းများအနေဖြင့် ဝန်ဆောင်မှု လျှော့ချပေးအပ်ခြင်း သို့မဟုတ် လာရောက် အားပေးသူများကို ငြင်းလွှတ်ရခြင်း တို့ကို လုပ်နေရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ''Buy American and Hire American" ဟု အမည်ပေးထားသည့် လူဝင်မှုကြီးကြပ်ရေး အထူးအမိန့်တစ်ရပ်ကို ပြီးခဲ့သည့်နှစ် ဧပြီလတွင် လက်မှတ်ထိုးခဲ့သည်။ ထိုအမိန့်သည် အမေရိကန် တာဝန်ရှိသူများ အနေဖြင့် လူဝင်မှု ကြီးကြပ်ရေး ဥပဒေများကို ပိုမိုတင်းကျပ်စွာ ချမှတ်သွားရန် အမိန့်ပေးလိုက်ခြင်းလည်း ဖြစ်သည်။ ယင်းနောက် လအနည်းငယ်အကြာတွင် နိုင်ငံအတွင်းသို့ ပြည်ပမှတရားဝင် ဝင်ရောက်သူ အရေအတွက်ကို ထက်ဝက်လျှော့ချရေး အတွက်တင်သွင်းသည့် ဥပဒေကြမ်းကို ထရမ့်ကထောက်ခံခဲ့သည်။ သို့သော် ထိုဥပဒေကြမ်းသည် ဥပဒေအဖြစ် ထွက်ပေါ်လာနိုင်ခြင်း မရှိပေ။ လက်တွေ့ မြေပြင်တွင်မူ အစိုးရ၏ တင်းကျပ်သော လူဝင်မှု ကြီးကြပ်ရေး ဥပဒေများကြောင့် အလုပ်လုပ်ရန်အတွက် ဗီဇာများ ရရှိရန် ပိုမိုခက်ခဲသွားပြီ ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ဆိုသည်။ ထို့ပြင် အလုပ်လက်မဲ့နှုန်းသည် ၃ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းသွားသော်လည်း အရည်အချင်းရှိသော အလုပ်သမားများကို နိုင်ငံအတွင်း၌ ရှာဖွေမှုမှာ ခက်ခဲလာသည်ဟု ၎င်းတို့ကဆက်ပြောသည်။ ထို့ကြောင့် စွမ်းဆောင်ရည် ပြည့်ဝပြီးသား အင်ဂျင်နီယာများနှင့် ပညာရှင်များသည် ကျွမ်းကျင်ပြည်ပ အလုပ်သမားများကို အလုံးအရင်းနှင့် ဖိတ်ခေါ်နေသည့် ကနေဒါကဲ့သို့ နိုင်ငံများသို့ ကူးပြောင်းသွားမည်ကို စီးပွားရေး လုပ်ငန်းရှင်များက စိုးရိမ်နေကြခြင်းဖြစ်သည်။ မကြာသေးမီက လုပ်ဆောင်သော လေ့လာမှု တစ်ခုအရ ကျွမ်းကျင်ပြည်ပ အလုပ်သမားများကိုပေးအပ်သည့် H-1B ဗီဇာငြင်းပယ်မှုသည် ပြီးခဲ့သည့်နှစ် တတိယ သုံးလပတ်နှင့် နှိုင်းယှဉ်ပါက နောက်ဆုံး သုံးလတွင် ၄၁ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ကို တွေ့ရသည်။ ထို့ပြင် စတုတ္ထ လေးလပတ်တွင် ဗီဇာအတွက် အချက်အလက်များ တောင်းခံမှုမှာလည်း နှစ်ဆကျော်ပိုမို များပြားလာသည်။ အဆိုပါ H-1B ဗီဇာပေးအပ်မှု အစီအစဉ်ကြောင့် ပြည်ပမှ ကျွမ်းကျင်လုပ်သားများ နိုင်ငံအတွင်းသို့ ဝင်လာသည့်အတွက် နိုင်ငံ၏ စီးပွားရေးကို ခိုင်မာစေခြင်း ဖြစ်ကြောင်းနှင့် ထိုအစီအစဉ်ကို နိုင်ငံရေးသမားများက ပစ်မှတ်ထားသည်မှာ ကြာပြီဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ဆိုသည်။ လက်ရှိအချိန်တွင် H-1B ဗီဇာရရှိထားသူများသည် အလွန်အဖိုးတန်သူများ ဖြစ်သည်ဟု စီးပွားရေး ပညာရှင်များက ပြောသည်။ အဓိကအားဖြင့် ဆေးရုံများသည် အမေရိကန် နိုင်ငံသား ဆရာဝန်များထက် ပြည်ပ ဆရာဝန်များကိုသာ ပိုမိုခေါ်ယူလိုကြသည်။ ရောဂါဗေဒ ဆရာဝန်ဦးရေ၏ သုံးပုံတစ်ပုံ နီးပါးသည် ပြည်ပမှသာဖြစ်သည်။ သို့သော်တင်းကျပ်သော လူဝင်မှုကြီးကြပ်ရေး ဥပဒေကြောင့် ပြည်ပမှ အထူးကု ဆရာဝန်များ ဝင်ရောက်မှု နှစ်နှစ်ဆက်တိုက် ကျဆင်းလာသည်ကိုတွေ့ရသည်။ ထို့ကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်တွင် ထုတ်ပြန်လိုက်သည့် တင်းကျပ်သော လူဝင်မှုကြီးကြပ်ရေး ဥပဒေများကြောင့် အမေရိကန် ပြည်ထောင်စုရှိ စီးပွားရေး လုပ်ငန်းများမှာ တဖြည်းဖြည်း အထိနာနေပြီဖြစ်သည်။ ယခုကဲ့သို့ တင်းကျပ်သည့် လူဝင်မှုကြီးကြပ်ရေး စနစ်ဖြင့်သာ ဆက်သွားပါက အချိန်ကြာလာသည်နှင့်အမျှ စီးပွားရေး တိုးတက်မှုနှုန်းသည်လည်း ကျဆင်းလာမည်ဖြစ်ကာ သက်ကြီးရွယ်အိုများ အငြိမ်းစားယူသွားပြီးသည့် အချိန်တွင် အလုပ်သမားဈေးကွက်အတွင်း ကြီးမားသော ကွာဟမှုကြီး ဖြစ်ပေါ်လာမည်ဟု ကျွမ်းကျင်ပညာရှင်များက သတိပေးထားသည်။ အမေရိကန် ပြည်ထောင်စု၏ လုပ်သားအင်အားစု တိုးတက်မှုသည် ပြည်ပမှရွှေ့ပြောင်း အလုပ်သမားများနှင့် ၎င်းတို့၏ သားသမီးများအပေါ် အဓိကမှီခိုနေရ ခြင်းဖြစ်ပြီး ၎င်းတို့သာမရှိပါက ဂျပန်ကဲ့သို့ သက်ကြီးရွယ်အိုများပြားပြီး အလုပ်သမား အင်အားစု မရှိတော့သည့် အခြေအနေသို့ ရောက်ရှိသွားနိုင်သည်ဟု ကော်နဲတက္ကသိုလ်မှ စီးပွားရေးပညာရှင် ဖရန်စင်း ဒီဘလောက သတိပေးထားခြင်း ဖြစ်သည်။

Ref: The Straits Times

Read 165 times Last modified on Tuesday, 04 September 2018 09:58