SJ WorldNews - шаблон joomla Авто

လေလွင့်ကြောင်လေး များအတွက် AI နည်းပညာသုံး ခိုလှုံရာအိမ်

Thursday, 14 March 2019 11:25 font size decrease font size decrease font size increase font size increase font size

ပေကျင်းမြို့၏ဆောင်းရာသီက လေလွင့် တိရစ္ဆာန်လေးများအတွက် အင်မတန် ခက်ခဲ ကြမ်းတမ်းလှသည်။ တိရစ္ဆာန်ချစ်သူများက ရေ၊ အစားအသောက်နှင့် နွေးထွေးတဲ့နေရာကို ပေးကြသော်လည်း ပေကျင်းဆောင်းရာသီ၏ အပူချိန်က ရေနွေးပူပူ တစ်ခွက်ကို ချက်ချင်းရေခဲသွားစေနိုင်သောကြောင့် လေလွင့် တိရစ္ဆာန်များမှာ မသေရုံတမယ် ရှင်သန်ကြရသည်။

၂ဝ၁၇ ခုနှစ်၏ ပေကျင်းဆောင်းရာသီ တစ်ခုတွင် ကားတာယာတစ်ခု အနားမှာ ပူးပူးကပ်ကပ် နေနေရသည့် လေလွင့်ကြောင် တစ်ကောင်ကို တွေ့ရှိပြီးနောက် လေလွင့်ကြောင်လေးများအတွက် ခေတ်မီခိုလှုံရာအိမ်လေး တစ်လုံးကို ဖန်တီးပေးရန် ဝမ့်ရှီးက စိတ်ကူးရရှိခဲ့သည်။ ဝမ့်ရှီးဆိုသူမှာ ဘိုင်ဒူးနည်းပညာ ကုမ္ပဏီ၏ မှတ်ဥာဏ်အတု (AI) နည်းပညာဌာနမှ အင်ဂျင်နီယာတစ်ဦး ဖြစ်သည်။

ဝမ့်ရှီးတီထွင်လိုက်သည့် အရာက ဆောင်းတွင်းကာလတွင် လေလွင့်ကြောင်များ ဇိမ်ရှိရှိ ခိုနားနိုင်မည့် AI နည်းပညာသုံး အိမ်ကလေးတစ်လုံး ဖြစ်သည်။

အမြင့် ၁၆၅ စင်တီမီတာရှိ သစ်သားအိမ်လေးတွင် ဝင်ပေါက်တစ်ခု ပါဝင်ပြီး အိမ်လေး အတွင်း၌ နွေးထွေးပြီး သက်သောင့်သက်သာ ရှိသည်။ ထို့ပြင် ကြောင်များ ခိုနားနိုင်စေမည့် အခန်းငယ်လေးများနှင့် ဇိမ်ကျကျ အနားယူနိုင်မည့် မွေးပွအထည်များ၊ အရုပ်များကိုလည်း ထည့်သွင်းပေးထားသည်။

အိမ်၌တပ်ထားသော နည်းပညာမြင့်ကင်မရာက ကြောင်အမျိုးအစား ၁၇၄ မျိုးအထိ ခွဲခြားသိရှိနိုင်ကာ ထိုကြောင်များကို အိမ်အတွင်း ဝင်ခွင့်နှင့် အိမ်အပြင် ထွက်ခွင့်တို့ကို ပေးစွမ်းနိုင်သည်။

ထို့ပြင် ကြောင်များနာကျင်မှု ဝေဒနာကို ခံစားရသည့်အခါ ပါးစပ်နှင့်သွားဖုံး ရောင်ရမ်းခြင်း ကြောင့်လား၊ အရေပြား ပြဿနာကြောင့်လား၊ အခြားသော ဒဏ်ရာကြောင့်လားဆိုသည်ကို ကင်မရာက ခွဲခြမ်းစိတ်ဖြာ ပေးနိုင်သည်။

ထို့နောက် စေတနာရှင်များ၏ မိုဘိုင်းဖုန်းများထံသို့ ကြောင်၏ ဝေဒနာ အခြေအနေကို လှမ်းအကြောင်းကြားမည် ဖြစ်သည်။ ထိုအခါတွင် စေတနာရှင်များက ထိုအိမ်ကလေးသို့လာကာ ဒဏ်ရာ ရရှိနေသော ကြောင်ကို ပြုစုကုသမှု ပေးနိုင်မည် ဖြစ်သည်။

အိမ်ကလေးအတွင်းရှိ အပူချိန်မှာ ကြောင်များ စိတ်အေးသက်သာစွာ နားခိုနိုင်စေမည့် ၂၇ ဒီဂရီစင်တီဂရိတ်တွင် အမြဲတမ်းထားရှိပေးထားသည်။ ထိုအိမ်ကလေးတွင် လေဝင်လေထွက် စနစ်လည်း ပါဝင်ပြီး အတွင်းရှိ လေအခြေအနေကို အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်ပေးသည်။

၂ဝဝ၅ ခုနှစ်အတွင်း စာရင်းကောက်ယူမှုများအရ ပေကျင်းမြို့၌ လေလွင့်တိရစ္ဆာန် အကောင်ရေ တစ်သန်းကျော် ရှိသည်။ ထို့ကြောင့် လေလွင့်ကြောင်များအတွက် ခေတ်မီခိုလှုံရာ အိမ်များကို ယခုထက် ပိုမိုဆောက်လုပ် ပေးသွားရန် ဝမ့်ရှီးက ဆန္ဒရှိနေသည်။

သက်ရှိအရာအားလုံးသည် ကမ္ဘာကြီးနှင့် တစ်နည်းမဟုတ် တစ်နည်းဖြင့် ဆက်သွယ်နေကြသော်လည်း နည်းပညာသည်သာ ကမ္ဘာကြီးကို ပိုမိုနွေးထွေးပြီး ကောင်းမွန်သော နေရာတစ်ခု အဖြစ် ဖန်တီးပေးနိုင်မည်ဟုလည်း ဝမ့်ရှီးက ယုံကြည်ထားသည်။

Ref: Xinhua

Read 20 times Last modified on Thursday, 14 March 2019 11:26