SJ WorldNews - шаблон joomla Авто

အင်ဒိုနီးရှား၌ စစ်သွေးကြွ တစ်ဦး၏ ဇနီးနှင့်သားတို့က အသေခံဗုံးခွဲမှု ပြုလုပ်

Thursday, 14 March 2019 11:53 font size decrease font size decrease font size increase font size increase font size

ဂျကာတာ မတ် ၁၃

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း၌ မတ် ၁၃ ရက်တွင် အစ္စလာမ်မစ် စစ်သွေးကြွတစ်ဦး၏ ဇနီးနှင့် သားတို့က အသေခံဗုံးခွဲမှု ပြုလုပ်ကြောင်း သိရသည်။

အင်ဒိုနီးရှား အစိုးရသည် အစ္စလာမ်မစ် စစ်သွေးကြွဟု ယူဆရသူ အမျိုးသားတစ်ဦးကို မတ် ၁၂ ရက်တွင် ဖမ်းဆီးပြီးနောက် မြောက်ဆူမားတြားပြည်နယ် ဆီဘိုဂါမြို့ရှိ ၎င်း၏ နေအိမ်ကိုဝန်းရံကာ ထိုအမျိုးသား၏ ဇနီးနှင့် သားတို့ကို လက်နက်ချရန် တောင်းဆိုခဲ့ရာ ထိုသားအမိနှစ်ဦးက နေအိမ်အတွင်း အသေခံ ဗုံးခွဲမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးခံထားရသည့် စစ်သွေးကြွ အမျိုးသားသည် ဒေသတွင်းရှိ ရဲစခန်းတစ်ခုကို တိုက်ခိုက်ရန် စီစဉ်ထားသည်ဟု ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒေဒီပရာဆက်ယိုက ပြောသည်။ ထိုအမျိုးသား၏ ဇနီးနှင့်သားတို့ကို လက်နက်ချရန် ညှိနှိုင်းရာတွင် ရဲတပ်ဖွဲ့၊ ဘာသာရေး ခေါင်းဆောင်များ၊ ဆွေမျိုးသားချင်းများနှင့် ဗုံးရှင်းလင်းရေး တပ်ဖွဲ့တို့ပါဝင်ကြောင်း၊ သို့သော် ၎င်းတို့က လက်နက်ချရန် ငြင်းဆိုကြောင်း ၎င်းက ဆက်ပြောသည်။

တာဝန်ရှိသူများသည် ညှိနှိုင်းမှုကို ၁၂ နာရီနီးပါး လုပ်ဆောင်ခဲ့သော်လည်း နေအိမ်အတွင်းရှိ အမျိုးသမီးက လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဖောက်ခွဲရေးပစ္စည်းဖြင့် ပစ်ပေါက်တိုက်ခိုက်ခြင်းကြောင့် ရဲအရာရှိတစ်ဦးနှင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိသည်။

ထို့နောက် သားအမိနှစ်ဦးက ဒေသစံတော်ချိန် နံနက် ၁ နာရီ ၂၅ မိနစ်တွင် နေအိမ်အတွင်း အသေခံဗုံးခွဲမှု ပြုလုပ်လိုက်ခြင်း ဖြစ်ကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဖောက်ခွဲရေးပစ္စည်း ကီလိုဂရမ် ၃ဝ ကို ရဲတပ်ဖွဲ့က အခင်းဖြစ်ရာ နေရာမှ ရှာဖွေတွေ့ရှိကြောင်း ဒေသတွင်း သတင်းဌာနများက ဖော်ပြသည်။

ဖမ်းဆီးခံထားရသည့် အမျိုးသားသည် ပြီးခဲ့သည့်နှစ်တွင် နိုင်ငံအတွင်း၌ အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်မှုကြောင့် တရားဝင်တားမြစ်ခံရသည့် ဂျီးမားအန်ရှာရွတ်ဒါအူလာ (JAD) အဖွဲ့ဝင်တစ်ဦး ဖြစ်သည်ဟု အာဏာပိုင်များက ယူဆထားသည်။

Ref: Reuters

Read 29 times Last modified on Thursday, 14 March 2019 11:54