SJ WorldNews - шаблон joomla Авто

အမေရိကန်-တာလီဘန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တိုးတက်မှုများဖြင့် အဆုံးသတ်

Thursday, 14 March 2019 11:54 font size decrease font size decrease font size increase font size increase font size

ဒိုဟာ မတ် ၁၃

အမေရိကန်နှင့် တာလီဘန် တို့အကြား ပြုလုပ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် မတ် ၁၂ ရက်တွင် တိုးတက်မှုများဖြင့် အဆုံးသတ်သော်လည်း အာဖဂန်နစ္စတန် နိုင်ငံမှ ပြည်ပတပ်ဖွဲ့ဝင်များကို မည်သည့်အချိန်တွင် ရုပ်သိမ်းမည်နှင့် ပတ်သက်၍ သဘောတူညီချက် မရရှိကြောင်း နှစ်ဖက်စလုံးမှ တာဝန်ရှိသူများက ပြောသည်။

ကာတာနိုင်ငံ ဒိုဟာမြို့၌ ၁၆ ရက်ကြာ ပြုလုပ်သော ယင်းဆွေးနွေးပွဲများကို မတ်လနှောင်းပိုင်းတွင် ပြန်လည် စတင်မည်ဟု မျှော်မှန်းရပြီး ဆွေးနွေးပွဲတွင် တာလီဘန်အဖွဲ့ကို နိုင်ငံရေး ခေါင်းဆောင် မူလာအဗ္ဗဒူဂန်နီဘရာဒါနှင့် အမေရိကန် အဖွဲ့ကို အထူးသံတမန် ဇာမေခါလီဇတ်တို့ ဦးဆောင် ဆွေးနွေးကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲများတွင် တာလီဘန် အနေဖြင့် စစ်သွေးကြွများကို အာဖဂန်နစ္စတန်၌ တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ခွင့်မပြုရဟူသော အာမခံချက်ကို အမေရိကန်က တောင်းဆိုထားသည်ဟု သိရသည်။

နှစ်ဖက်စလုံးအနေဖြင့် ဆွေးနွေးပွဲများတွင် အကြမ်းဖက်မှု ချေမှုန်းရေး အာမခံချက်များနှင့် အာဖဂန်နစ္စတန်မှ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရေးနှင့် ပတ်သက်၍ တိုးတက်မှုများ ရရှိကြောင်း အာဖဂန်နွယ်ဖွား အမေရိကန် သံတမန် ခါလီဇတ်က ပြောသည်။

ငြိမ်းချမ်းရေး အခြေအနေများ တိုးတက်ပြီး နှစ်ဖက်စလုံး အနေဖြင့် စစ်ပွဲကို အဆုံးသတ်ရန် ဆန္ဒရှိကြောင်း၊ အခြေအနေ အတက်အကျ ရှိနေသော်လည်း ၎င်းတို့အနေဖြင့် အမှန်တကယ် တိုးတက်မှုများ ပြုလုပ်နိုင်ကြောင်း ခါလီဇတ်က ဆက်ပြောသည်။

တာလီဘန်တပ်ဖွဲ့သည် ခါလီဇတ်ဦးဆောင်သော အမေရိကန်အဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပပြီး  ဖြစ်သော်လည်း အာဖဂန် အစိုးရနှင့် ဆွေးနွေးရန် ယခုအထိ ငြင်းဆိုထားကြောင်း သိရသည်။

အာဖဂန်မှ ပြည်ပတပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည့်အချိန်၊ ထိရောက်မှုရှိသော အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်များ နှင့်ပတ်သက်၍ သဘောတူညီချက်ကို အပြီးသတ်သည့် အချိန်တွင် အာဖဂန် အစိုးရ အပါအဝင် အခြားဒေသခံများနှင့် တာလီဘန်တို့က နိုင်ငံရေး ဖြေရှင်းမှုနှင့် ကျယ်ပြန့်သော အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ဆွေးနွေးပွဲများကို နိုင်ငံအတွင်း ကျင်းပမည်ဟု ခါလီဇတ်က ပြောထားသည်။

Ref: Reuters

Read 15 times Last modified on Thursday, 14 March 2019 11:56