SJ WorldNews - шаблон joomla Авто

ဖိလစ်ပိုင်နိုင်ငံ၌ လူခြောက်သန်းကျော် ရေပြတ်လပ်မှုနှင့် ကြုံတွေ့နေရ

Saturday, 16 March 2019 09:07 font size decrease font size decrease font size increase font size increase font size

မနီလာ မတ် ၁၅

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့နှင့် အနီးဝန်းကျင်ဒေသများ၌ လူဦးရေခြောက်သန်းကျော်မှာ ရေပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။ နေ့စဉ် ၆ နာရီနီးပါးရေထောက်ပံ့မှု ပြတ်တောက်ခြင်းကြောင့် အိမ်ထောင်စုတစ်သန်းကျော်သည် မိုးရာသီ ကာလဖြစ်သော မေလ သို့မဟုတ် ဇွန်လတွင် ဆည်များ၊ ရေလှောင်ကန်များ၌ ရေပြည့်သည့် အချိန်မတိုင်မီအထိ ရေမလုံလောက်မှုနှင့် ကြုံတွေ့ရမည်ဖြစ်သည်။ နွေရာသီကာလတွင် အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ဆည်များနှင့် ရေလှောင်ကန်များတွင် ရေလျော့နည်းလာသဖြင့် ရေပြတ်လပ်မှုမှာ ပိုမိုဆိုးရွားလာခြင်း ဖြစ်ကြောင်း အစိုးရပိုင် ရေထောက်ပံ့ရေး ကုမ္ပဏီနှစ်ခုအနက် တစ်ခုကပြောသည်။ မနီလာရေထောက်ပံ့ရေး ကုမ္ပဏီက ရေပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းရန် အတွက် ရေပေးဝေမှုကို အကန့်အသတ်နှင့် ပြုလုပ်ခဲ့သော်လည်း အလုပ်မတွင်ကျယ်ခဲ့ပေ။ တောင်တန်းဒေသများ၌ နာရီပေါင်းများစွာကြာ ရေပြတ်လပ်မှုများ ဖြစ်ပွားခဲ့သည်။ ထို့နောက် ကုမ္ပဏီက မတ် ၁၄ ရက်မှစတင်၍ ရေထောက်ပံ့မှု ဖြတ်တောက်ရန် ဆုံးဖြတ်ခဲ့ကြောင်း မနီလာရေထောက်ပံ့ရေး ကုမ္ပဏီမှ ဂျာရစ်ဆီဗီလာက ပြောသည်။ မနီလာမြို့တော်နှင့် အခြားမြို့များတွင် နေထိုင်သည့် ဒေသခံများ အနေဖြင့် နွေရာသီကာလအတွင်း တစ်နေ့လျှင် ၆ နာရီမှ ၂၁ နာရီအထိ ရေထောက်ပံ့မှုဖြတ်တောက် ခံရနိုင်ကြောင်း ကုမ္ပဏီကသတိပေးစာထုတ်ပြန် ထားပြီး ပြည်သူများအနေဖြင့် နားလည်ပေးရန်လည်း မေတ္တာရပ်ခံထားသည်။ မန်ဒါလူယောင်မြို့မှ ဒေသခံတစ်ဦးက ၎င်းတို့သည် ရေပြတ်လပ်နေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်း၊ ကလေးငယ်များသည် ကျောင်းသွားရမည်ဖြစ်ပြီး လူကြီးများသည်လည်း အလုပ်သွားရမည်ဖြစ်သဖြင့် ယခုကာလတွင် ရေကိုမည်သို့မျှ စုဆောင်းနိုင်မည် မဟုတ်ကြောင်း ညည်းတွားပြောဆိုခဲ့သည်။ ရေအသုံးပြုရသည့် အလုပ်များဖြစ်သော ကားရေဆေးခြင်းနှင့် အဝတ်လျှော်ဖွပ်သည့် ဆိုင်များမှာလည်း ယာယီပိတ်ထားရသည်။ အချို့စားသောက်ဆိုင်များတွင် တစ်ခါသုံးပန်းကန်ပြားများကို အသုံးပြုနေရသည်ဟု သိရသည်။

Read 24 times Last modified on Saturday, 16 March 2019 09:09