SJ WorldNews - шаблон joomla Авто

နယူးဇီလန်၌ ဗလီကျောင်းနှစ်ကျောင်း တိုက်ခိုက်ခံရမှု လူ ၄၉ ဦးသေဆုံး အမျိုးသားတစ်ဦးကို လူသတ်မှုဖြင့်တရားစွဲ

Saturday, 16 March 2019 09:25 font size decrease font size decrease font size increase font size increase font size

ခရစ်ချာ့ မတ် ၁၅

နယူးဇီလန်နိုင်ငံ ခရစ်ချာ့မြို့ရှိ ဗလီကျောင်းနှစ်ကျောင်း၌ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားရာ လူ ၄၉ ဦးသေဆုံးပြီး ရဲတပ်ဖွဲ့က အမျိုးသားတစ်ဦးကို လူသတ်မှုဖြင့် တရားစွဲထားကြောင်းသိရသည်။ ပြစ်မှုကျူးလွန်သည်ဟုယူဆရသူမှာ အသက် ၂ဝ ကျော်အမျိုးသားတစ်ဦးဖြစ်ကြောင်းနှင့် ၎င်းကို မတ် ၁၆ ရက် နံနက်ပိုင်းတွင် ခရစ်ချာ့တရားရုံး၌ ရုံးထုတ်စစ်ဆေးသွားမည် ဖြစ်ကြောင်း နယူးဇီလန်ရဲတပ်ဖွဲ့မှ ရဲမင်းကြီး မိုက်ဘုကပြောသည်။ ယင်းအကြမ်းဖက်တိုက်ခိုက်မှုအတွင်း ခရစ်ချာ့မြို့လယ်ရှိ မက်စဂျစ်အယ်နူးဗလီကျောင်းမှ ၄၁ ဦးသေဆုံးပြီး လင်းဝုအေ့ဗလီကျောင်းမှ ခုနစ်ဦးသေဆုံးကာ ကျန်တစ်ဦးမှာ ခရစ်ချာ့ဆေးရုံ၌ သေဆုံးကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားသည့် ဗလီကျောင်းနှစ်ခုမှာ ၅ ကီလိုမီတာခန့်ကွာဝေး ကြောင်းနှင့် တိုက်ခိုက်မှုများကိုပြုလုပ်ခဲ့သူမှာ တစ်ဦးတည်းဟုတ်၊ မဟုတ်ကို မသိရှိရသေးပေ။ တိုက်ခိုက်မှုအတွင်း သေဆုံးသူ အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုသည် နယူးဇီလန်နိုင်ငံအတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်ကြောင်း သိရသည်။ သေနတ်သမားတစ်ဦးမှာ သြစတြေးလျနွယ်ဖွား နယူးဇီလန်နိုင်ငံသားဖြစ်ပြီး ၎င်းသည် လက်ဝဲယိမ်း အစွန်းရောက် သမားဖြစ်ကြောင်း၊ သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆန်က ဆစ်ဒနီမြို့၌ပြောသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်သမားမည်မျှ ပါဝင်သည်ကို ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ အမျိုးသားသုံးဦးကို ဖမ်းဆီးထိန်းသိမ်းထားသည်။ တိုက်ခိုက်မှု ဖြစ်ပွားရာနေရာတွင် ဖောက်ခွဲရေးပစ္စည်းနှစ်ခုကို တွေ့ရပြီး စစ်ဘက်က အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆက်ပြောသည်။

Read 10 times Last modified on Saturday, 16 March 2019 09:25