အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီသည် မတ် ၂၈ ရက်တွင် အွတ်တာပရာဒေ့ပြည်နယ် မီရွတ်မြို့၌ အထွေထွေ ရွေးကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်မှုများကို တရားဝင် စတင်ဆောင်ရွက်ကာ ၎င်းအနေဖြင့် ဝန်ကြီးချုပ် အဖြစ် ထပ်မံရွေးကောက် ခံရပါက နိုင်ငံတော်လုံခြုံရေးကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဟု ကတိပြု ပြောဆိုကြောင်း သိရသည်။
ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ဦးဆောင်သော ဘာရာတီယာ ဂျာနာတာပါတီ (BJP) ဦးဆောင်သည့် ညွန့်ပေါင်းပါတီသည် ဧပြီ ၁၁ ရက်တွင် စတင်မည့် ရွေးကောက်ပွဲ၌ အာဏာကို ဆက်လက်ဆုပ်ကိုင် ထားနိုင်မည်ဟု မျှော်လင့်ရသည်။
အိန္ဒိယပြည်သူ များအနေဖြင့် ဆောင်ပုဒ်များကိုသာ ရေးဆွဲသော အစိုးရများနှင့် တွေ့ကြုံပြီး ဖြစ်ကြောင်း၊ သို့သော် ထိုဆောင်ပုဒ်များကို မည်ကဲ့သို့ အကောင်အထည် ဖော်ရမည်ကို သိရှိသည့် တိကျပြတ်သားသော အစိုးရကို ပြည်သူများက ပထမဆုံးအကြိမ် မြင်တွေ့ပြီဖြစ်ကြောင်း မိုဒီကပြောသည်။ အွတ်တာပရာဒေ့ပြည်နယ်သည် လွှတ်တော်အမတ် အများဆုံးရှိသည့် ပြည်နယ်ဖြစ်သည်။
အိန္ဒိယနိုင်ငံသစ်သည် ကောင်းမွန်သော သမိုင်းကြောင်းများနှင့် လိုက်ဖက်မှုရှိသော နိုင်ငံဖြစ်ကြောင်း မိုဒီက ဆက်ပြောသည်။
မိုဒီ၏ စည်းရုံးလှုံ့ဆော်မှုများနှင့် ပတ်သက်၍ လူထုက BJP အလံကို ဝှေ့ယမ်းကာ သောင်းသောင်းဖြဖြ အားပေးပြီး မိုဒီကို ဝန်ကြီးချုပ်အဖြစ် ထပ်မံရွေးကောက်ရန် ကြွေးကြော် ထောက်ခံကြသည်။
မိုဒီ၏ လူထုစည်းဝေးပွဲကို လယ်ယာမြေများ ဝန်းရံလျက်ရှိသော မီရွတ်မြို့တော်၏ အဓိက လမ်းမကြီးတွင် ကျင်းပသည်။ အိန္ဒိယ အထွေထွေရွေးကောက်ပွဲကို ဧပြီ ၁၁ ရက်မှ မေ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆန္ဒမဲ ပေးသူ သန်း ၉ဝဝ ခန့်ပါဝင်နိုင်မည် ဖြစ်သည်။
မဲအရေအတွက်ကို မေ ၂၃ ရက်တွင် ရေတွက်မည်ဖြစ်သည်။
အိန္ဒိယနိုင်ငံ ကက်ရှမီးယားဒေသ၌ ပြီးခဲ့သည့်လတွင် ဖြစ်ပွားသော ရဲတပ်ဖွဲ့ဝင် ၄ဝ သေဆုံးသည့် အသေခံဗုံးခွဲ တိုက်ခိုက်မှုပြီးနောက် ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံအကြား သဘောထားတင်းမာမှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုမှာ ပါကစ္စတန် အခြေစိုက် စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့က ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ကြေညာသည်။
အဆိုပါ တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့် အနေဖြင့် ပါကစ္စတန်နိုင်ငံ တောင်ပိုင်းရှိ စစ်သွေးကြွများ အခြေစိုက်ရာ စစ်စခန်းများကို အိန္ဒိယစစ်သင်္ဘော လေကြောင်းမှ စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်ကြောင်း သိရသည်။
Ref:The Straits Times