SJ WorldNews - шаблон joomla Авто

ဂျပန်က ခေတ်အသစ်၏အမည်ကို အေးရာခေတ်ဟု သတ်မှတ်

Tuesday, 02 April 2019 10:10 font size decrease font size decrease font size increase font size increase font size

ဂျပန်နိုင်ငံသည် ၎င်းတို့၏ ဧကရာဇ်ခေတ် အသစ်အမည်ကို အေးရာခေတ်ဟု သတ်မှတ်ခေါ်ဝေါ်မည် ဖြစ်ကြောင်း ဧပြီ ၁ ရက်တွင် ထုတ်ပြန် ကြေညာလိုက်သည်။ ထိုအေးရာခေတ်သည် လက်ရှိ အိမ်ရှေ့မင်းသား နာရူဟီတိုက ထီးနန်းကို ဆက်ခံမည့် မေ ၁ ရက်တွင် စတင်သွားမည် ဖြစ်သည်။

နာရူဟီတိုသည် ၎င်း၏ ခမည်းတော် အခိဟီတိုထံမှ ထီးနန်းကို ဆက်ခံခြင်း ဖြစ်ပြီး အခိဟီတို၏ နှစ်ပေါင်း ၃၁ နှစ်ကြာ အေဆေခေတ်မှာ ဧပြီ ၃ဝ ရက်တွင် ကုန်ဆုံးသွားမည် ဖြစ်သည်။ ဧကရာဇ်ခေတ်၏ အမည်ကို စာရွက်စာတမ်းများ၊ သတင်းစာများ၊ ပြက္ခဒိန်များနှင့် ဒင်္ဂါးပြားများတွင် တရားဝင် ရိုက်နှိပ်ဖော်ပြသွားရမည် ဖြစ်သည်။

ဂျပန်နိုင်ငံသည် ဧကရာဇ်ပြက္ခဒိန် စနစ်ကို လွန်ခဲ့သော နှစ်ပေါင်း ၁၃ဝဝ ခန့်က တရုတ်နိုင်ငံမှ ရယူမွေးစားခဲ့ခြင်း ဖြစ်သည်။

ယခင်တုန်းက ခေတ်တစ်ခေတ်၏ အမည်များသည် အုပ်စိုးသူ ဧကရာဇ်များ၏ ဆန္ဒအတိုင်း ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ သို့သော် မေဂျီခေတ် (၁၈၆၈-၁၉၁၂) မှစ၍ ဧကရာဇ်တစ်ပါးပြောင်းလျှင် ခေတ်တစ်ခေတ်၏ အမည်ကိုပါ ပြောင်းလဲရန် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိမျက်မှောက်ကာလတွင် ဂျပန်နိုင်ငံက ခေတ်လေးခေတ်ကို ဖြတ်သန်းပြီး ဖြစ်သည်။

ထိုခေတ်များမှာ မေဂျီခေတ်၊ တိုင်ရှိုခေတ် (၁၉၁၂-၁၉၂၆)၊ ရှိုဝါခေတ်(၁၉၂၆-၁၉၈၉)နှင့် ယခုနောက်ဆုံး အေဆေခေတ် (၁၉၈၉-၂ဝ၁၉)တို့ ဖြစ်သည်။

ခေတ်သစ် လမ်းညွှန်ချက်များအရ ခေတ်တစ်ခေတ်၏ အမည်သည် နိုင်ငံ၏စံနှုန်းများနှင့် ကိုက်ညီမှု ရှိရမည် ဖြစ်သည့်အပြင် တရုတ်အက္ခရာ နှစ်လုံးပါဝင်ရမည် ဖြစ်သည်။ ထို့ပြင်ရေးရန်နှင့် ဖတ်ရန် လွယ်ကူပြီး ယခင်က အသုံးမပြုခဲ့သော အမည်များ ဖြစ်ရမည် ဖြစ်သည်။

ယခုအေးရာဟူသော အမည်၏ အဓိပ္ပာယ်မှာ အမိန့် သို့မဟုတ် ကွပ်ကဲမှုနှင့် ငြိမ်းချမ်းမှု သို့မဟုတ် သဟဇာတဖြစ်မှု ဖြစ်သည်။

အစဉ်အလာအားဖြင့် စာလုံးများကို ရှေးခေတ်တရုတ်စာသား များထဲမှ ရွေးချယ်ရခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ ဂျပန်ဂန္တဝင် ကဗျာပေါင်းချုပ်မှ ရယူထားခြင်း ဖြစ်ကြောင်း သိရသည်။ Ref: Reuters

Read 57 times Last modified on Tuesday, 02 April 2019 10:10