ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း၌ သေနတ်သမားများက ခရီးသည်တင် ဘတ်စကားတစ်စီးကို ပြန်ပေးဆွဲပြီးနောက် လူ ၁၄ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း သတင်းဌာနများက ဧပြီ ၁၈ ရက်တွင် ဖော်ပြသည်။
ခရီးသည်တင်ဘတ်စကားသည် ကရာချိမြို့မှ ဂါဝါဒါမြို့သို့ မောင်းနှင်နေစဉ် ဧပြီ ၁၈ ရက် အစောပိုင်းတွင် ထိုမြို့နှစ်မြို့ကြားရှိ အဝေးပြေးလမ်းမပေါ်မှ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ သေနတ်သမားများသည် ခရီးသည် တင်ဘတ်စကားကို ပြန်ပေးဆွဲသွားပြီးနောက် ကားပေါ်တွင် လိုက်ပါလာသူများကို မည်သူမည်ဝါဖြစ်ကြောင်း မေးမြန်းပြီးမှ သတ်ဖြတ်ခြင်း ဖြစ်သည်။
ထို့နောက် သေဆုံးသူများ၏ ရုပ်အလောင်းများကို စွန့်ပစ်ခဲ့ခြင်း ဖြစ်ကြောင်း အသက်ရှင်ကျန်ရစ်သူများက ရဲတပ်ဖွဲ့သို့ ပြောသည်။
သေနတ်သမားများသည် ခရီးသည်များကို မည်သည့်အတွက်ကြောင့် သတ်ဖြတ်ရသည်ကို အတိအကျ မသိရသေးပေ။
နိုင်ငံအနောက်တောင်ပိုင်းရှိ ဘာလူချီစတန် ပြည်နယ်၌ ခွဲထွက်ရေး အဖွဲ့များနှင့် အစ္စလာမ် မစ်စစ်သွေးကြွ အဖွဲ့များ လှုပ်ရှားလျက်ရှိပြီး ခွဲထွက်ရေးသမားများသည် အခြားမျိုးနွယ်စုများကို အဓိက ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိကာ အစ္စလာမ်မစ် စစ်သွေးကြွများကမူ ရှီးယိုက်ဘာသာဝင်များကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိကြောင်း သိရသည်။
Ref: Reuters