SJ WorldNews - шаблон joomla Авто

ကျောင်းအုပ်ကြီး၏ အမိန့်အရ ဘင်္ဂလားဒေ့ရှ် ကျောင်းသူ တစ်ဦး မီးရှို့အသတ်ခံရ

Saturday, 20 April 2019 10:22 font size decrease font size decrease font size increase font size increase font size

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ  ကျောင်းသူတစ်ဦးသည် ကျောင်းအုပ်ဆရာကြီး၏ အမိန့်အရ မီးရှို့အသတ် ခံလိုက်ရကြောင်း  ရဲတပ်ဖွဲ့က ဧပြီ ၁၉ ရက်တွင်ပြောသည်။ ထိုကျောင်းအုပ်ကြီးသည် ၎င်းကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် တိုက်ခိုက်သည်ဟု    ကျောင်းသူက အမှုဖွင့်ပြီးနောက် ယခုကဲ့သို့ မီးရှို့အသတ်ခံရခြင်းဖြစ်သည်။

အသက် ၁၉ နှစ်ရှိ ကျောင်းသူ နျူဆရတ်ဂျာဟန်ရာဖီသည် ပြီးခဲ့သည့် သီတင်းပတ်တွင် အသတ်ခံရခြင်းဖြစ်ပြီး ထိုအမှုနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံတစ်ဝန်း၌  ဆန္ဒပြမှုများဖြစ်ပွားနေသည်။ အဆိုပါလူသတ်မှုတွင် ပါဝင်နေသူ အားလုံးကို   တရားစွဲဆိုသွားမည်ဟု ဝန်ကြီးချုပ်က ကတိပြုထားသည်။

အဆိုပါကျောင်းသူသည် ၎င်းတက်ရောက်နေသော အစ္စလာမ်မစ် ကျမ်းစာသင်ကျောင်း ခေါင်မိုးထပ်သို့ ဖြားယောင်း ခေါ်ဆောင်ခံရကြောင်း၊ခေါင်မိုးထပ်သို့ ရောက်ရှိချိန်တွင် ကျောင်းသူအနေဖြင့် ရဲစခန်း၌ ဖွင့်ထားသည့် အမှုကိုပြန် ရုပ်သိမ်းပေးရန် တိုက်ခိုက်သူများက တောင်းဆိုခဲ့ကြောင်း၊ သို့သော် ကျောင်းသူက အမှုကို ရုပ်သိမ်းပေးရန် ငြင်းဆိုသည့်အတွက် တိုက်ခိုက်သူများက ထိုကျောင်းသူကို ရေနံဆီဖြင့် လောင်းကာ မီးရှို့သတ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ထိုအမှုနှင့် ဆက်စပ်နေသူ ၁၇ ဦးကို ဖမ်းဆီးထားပြီး ထိုအထဲမှ တစ်ဦးက ၎င်းတို့သည် ကျောင်းအုပ်ဆရာကြီး၏ ညွှန်ကြားချက်အရ အဆိုပါကျောင်းသူကို  မီးရှို့သတ်ခဲ့ခြင်း ဖြစ်သည်ဟု ဝန်ခံထားကြောင်း  ရဲတပ်ဖွဲ့က ဧပြီ ၁၉ ရက်တွင် ပြောသည်။

နျူဆရတ်ဂျာဟန်ရာဖီသည်မတ်လနှောင်းပိုင်းတွင် ရဲစခန်းသို့ သွား၍ ကျောင်းအုပ်ဆရာကြီး၏ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် တိုက်ခိုက်မှုကို အမှုဖွင့်ခဲ့သည်။ ရဲစခန်းမှူးက ကျောင်းသူ၏ အမှုဖွင့်ခြင်းကို လက်ခံသော်လည်း ထိုအမှုမှာ ကြီးလေးသော အမှုမဟုတ်ဟုဆိုကာ ဂရုမစိုက်ဘဲနေခဲ့ကြောင်း ထွက်ပေါ်လာသည့် ဗီဒီယိုဖိုင်တစ်ခုတွင် တွေ့ရသည်။

ကနဦးအစီအစဉ်မှာ ကျောင်းသူအနေဖြင့် ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေသည့် ပုံစံဖော်ဆောင်ရန်ဖြစ်သော်လည်း ၎င်း၏လက်များနှင့် ခြေထောက်များကို ချည်ထားသည့် လည်စည်းပဝါ မီးလောင်ကျွမ်းစဉ် ထိုကျောင်းသူမှာ  တိုက်ခိုက်သူများလက်မှ ထွက်ပြေး လွတ်မြောက်လာခြင်းဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ် ၈ဝ ရာခိုင်နှုန်းမှာ မီးလောင်ကျွမ်းထားပြီး ဧပြီ ၁ဝ ရက်တွင် ဆေးရုံ၌ သေဆုံးသွားခြင်းဖြစ်သည်။ သို့သော် ၎င်းမသေခင် ကျောင်းအုပ်ကြီး ကျူးလွန်သည့်ပြစ်မှုကို ဗီဒီယိုတစ်ခုတွင် အကြိမ်ကြိမ်ပြောထားပြီး ၎င်းကို တိုက်ခိုက်သူအချို့၏ အမည်များကိုလည်း ဖွင့်ဟပြောဆိုခဲ့ကြောင်း သိရသည်။

Read 50 times Last modified on Saturday, 20 April 2019 10:23