SJ WorldNews - шаблон joomla Авто

ပရာယုချန်အိုချာကို ထိုင်းဝန်ကြီးချုပ်အဖြစ် ဆက်လက်မြင်တွေ့ရမည်

Tuesday, 14 May 2019 09:29 font size decrease font size decrease font size increase font size increase font size

ထိုင်းရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲစည်းမျဉ်း တစ်ခုကို ပြောင်းလဲလိုက်ပြီးနောက် အောက်လွှတ်တော်၌ အမတ်နေရာတစ်နေရာစီ ရရှိသွားသည့် ထိုင်းနိုင်ငံရေး ပါတီငယ် ၁၁ ခုက ထိုင်းတပ်မတော်ကို လိုလားသည့် ပါတီကို ထောက်ခံလိုက်ပြီ ဖြစ်သည်။

ထိုင်းတပ်မတော်ကို လိုလားသည့်ပါတီမှာ ပါလန်းပရာချာရက် ပါတီဖြစ်ပြီး ထိုပါတီက လက်ရှိဝန်ကြီးချုပ် ပရာယုချန်အိုချာကို ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားခြင်း ဖြစ်သည်။ ယခုအခါ ပါလန်းပရာချာရက်ပါတီနှင့် ညွန့်ပေါင်းဖွဲ့ရန်အတွက် ပါတီငယ် ၁၁ ခုက ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

''လွှတ်တော်အမတ်တစ်နေရာစီရထားတဲ့ပါတီ ၁၁ ခုက လွှတ်တော်အမတ်လောင်းတွေ အချင်းချင်းတိုင်ပင် ဆွေးနွေးပြီးမှသာ ပရာယုချန်အိုချာကို ဝန်ကြီးချုပ်အဖြစ် ဆက်လက် မြင်တွေ့လိုတဲ့အတွက် အခုလိုမျိုး ပူးပေါင်းရခြင်း ဖြစ်ပါတယ်။ ဒါ့ပြင် လာမယ့်အစိုးရအဖွဲ့ ဖွဲ့စည်းမှုမှာလည်း ပါလန်းပရာချာရက်ပါတီကို ဦးဆောင်စေလိုတဲ့အတွက် အဲဒီပါတီနဲ့ ညွန့်ပေါင်းဖွဲ့ရတာ ဖြစ်ပါတယ်'' ဟု ပွန်လာမွန်ထိုင်းပါတီ ခေါင်းဆောင် ဆမ်ပန်လီနူဝက်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ပါလန်းပရာချာရက်ပါတီ အနေဖြင့် ထိုပါတီငယ် ၁၁ ခုအပြင် ရွေးကောက်ပွဲတွင် အနိုင်ရကာ လွှတ်တော်အမတ် နေရာများ ရရှိထားသည့် ကျန်ပါတီ များကိုလည်း စည်းရုံးနေဆဲဖြစ်သည်။ သို့မှသာ အောက်လွှတ်တော်တွင် လွှတ်တော်အမတ် အများဆုံးဖြင့် အတိုက်အခံများကို အပြတ်အသတ် ဦးဆောင်နိုင်မည် ဖြစ်သည်။

လက်ရှိထိုင်း အစိုးရက ရေးဆွဲထားသည့် ဥပဒေအရ အောက်လွှတ်တော်အမတ်နေရာ ၅ဝဝ အနက် ၃၅ဝ ကိုသာ ရွေးကောက်ပွဲဖြင့် ရွေးချယ်ခြင်း ဖြစ်ပြီး ကျန် ၁၅ဝ ကို ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ရာခိုင်နှုန်းအလိုက် ပါတီများက လွှတ်တော်အမတ်နေရာကို အချိုးကျရရှိမည် ဖြစ်သည်။ အထက်လွှတ်တော်အတွက် အမတ်နေရာ ၂၅ဝ ကိုမူ ထိုင်းစစ်ဘက်က တိုက်ရိုက်ရွေးချယ် ခန့်အပ်သွားမည် ဖြစ်သည်။

ဝန်ကြီးချုပ်ကိုမူ အနည်းဆုံးအနေဖြင့် လွှတ်တော်နှစ်ရပ်ပေါင်းအမတ် ၃၇၆ ဦးက အတည်ပြုရမည် ဖြစ်သည်။ အထက်လွှတ်တော်ရှိ အမတ် ၂၅ဝ က ထိုင်းတပ်မတော်ကို လိုလားသည့် ပါလန်းပရာချာရက်ပါတီဘက်ကိုသာ မဲသာနိုင်သည်ဟု ယူဆရသည့်အတွက် ထိုပါတီအနေဖြင့် အစိုးရဖွဲ့နိုင်ရန် အောက်လွှတ်တော်အမတ်နေရာ ၁၂၆ နေရာရရှိရမည် ဖြစ်သည်။

ရွေးကောက်ပွဲတွင် ပါလန်းပရာချာရက်ပါတီက အောက်လွှတ်တော်အမတ်နေရာ ၁၁၅ နေရာကို အနိုင်ရရှိထားပြီး ဖြစ်သည်။

ထို့ကြောင့် လိုအပ်သော အောက်လွှတ်တော် အမတ်နေရာ ၁၂၆ နေရာ ရရှိရန်အတွက် ၁၁ နေရာသာ လိုအပ်သည်။ အဆိုပါ လိုအပ်သည့် ၁၁ နေရာကို ပါတီငယ် ၁၁ ခု၏ လွှတ်တော်အမတ်များဖြင့် ဖြည့်စွက်လိုက်သည့်အတွက် ပါလန်းပရာချာရက်ပါတီ အနေဖြင့် လက်ရှိအချိန်တွင် အစိုးရဖွဲ့နိုင်သည့် အနေအထားသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

အဓိက အတိုက်အခံပါတီ ဖြစ်သည့် ဖွေ့ထိုင်းပါတီ ဦးဆောင်သော ဒီမိုကရက်တစ်တပ်ဦးညွန့်ပေါင်းအဖွဲ့က အောက်လွှတ်တော်တွင် အမတ်နေရာ ၂၄၅ နေရာကိုရရှိထားပြီး ၂၅၅ နေရာအထိ ရရှိနိုင်မည်ဟု ခန့်မှန်းရသည်။ ထိုပမာဏသည် အထက်လွှတ်တော်အမတ် ၁၂ဝ ကျော်၏ ထောက်ခံမှုရမှသာ အစိုးရဖွဲ့နိုင်မည့် အနေအထားဖြစ်သည်။ သို့သော် ထိုသို့ထောက်ခံမှု ရရှိနိုင်ရန်မှာ မည်သို့မျှမဖြစ်နိုင်ပေ။ ထို့ကြောင့် လက်ရှိဝန်ကြီးချုပ်ပရာယုချန်အိုချာကို အစိုးရ

အဖွဲ့သစ်တွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ဆက်လက် ထမ်းဆောင်သည်ကို မြင်တွေ့ရဦးမည် ဖြစ်သည်။

ထက်မြတ်

Ref: AFP

Read 49 times Last modified on Tuesday, 14 May 2019 09:30