အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်အာကာသအေဂျင်စီ (NASA)မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးကို လပေါ်သို့ စေလွှတ်မည့် စီမံကိန်းအတွက် ဒေါ်လာ၁ ဒသမ ၆ ဘီလီယံကို ခွင့်ပြုပေးလိုက်ပြီ ဖြစ်သည်။
အဆိုပါ အသုံးစရိတ် ခွင့်ပြုမှုသည် ၂ဝ၂ဝ ဘဏ္ဍာနှစ်အတွက် ဖြစ်ပြီး လပေါ်သို့ လူသားနှစ်ဦး စေလွှတ်မှုကို ၂ဝ၂၄ ခုနှစ်တွင် လုပ်ဆောင်မည်ဖြစ်သည်။
ဒေါ်နယ်ထရမ့်သည် NASA ၏ စီမံကိန်းကို ယုံကြည်သည့်အတွက် ယခုကဲ့သို့ ဘဏ္ဍာငွေကို ခွင့်ပြုပေးခြင်း ဖြစ်သည်ဟု NASA မှ အုပ်ချုပ်ရေးမှူး ဂျင်ဘရိုက်ဒန်စတင်းက မေ ၁၃ ရက်တွင် ပြောသည်။
ထိုသို့ဘဏ္ဍာငွေ တိုးမြှင့်ခွင့်ပြုမှုသည် အာကာသယာဉ်လွှတ်တင်မှု စနစ်နှင့် လပေါ်သို့ လူသားများ ဆင်းသက်မှုစနစ်တို့ အကောင်အထည်ဖော်မှုကို လျင်မြန်စွာပြီးမြောက်စေမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ထို့ပြင် လ၏ဝင်ရိုးစွန်း ဒေသများကို စက်ရုပ်အသုံးပြုရှာဖွေ ဖော်ထုတ်မှု ကဲ့သို့ စွမ်းဆောင်ရည် များကိုလည်း တိုးမြှင့်ပေးရာ ရောက်သည်ဟု ဂျင်ဘရိုက်ဒနစ်တင်းက ဆိုသည်။ Ref: Sputnik