SJ WorldNews - шаблон joomla Авто

မျိုးသုဉ်းသွားပြီ ဖြစ်သော အမ်မိုနိုက် ပင်လယ်ခရု ရုပ်ကြွင်းကို မြန်မာ့ပယင်း အတွင်းမှ တွေ့ရှိ

Wednesday, 15 May 2019 09:35 font size decrease font size decrease font size increase font size increase font size

အမ်မိုနိုက် ဆိုသည်မှာ ပင်လယ်ခရုတစ်မျိုးဖြစ်ပြီး လွန်ခဲ့သော နှစ်သန်းပေါင်း ၉၉ သန်းခန့်က ကမ္ဘာပေါ်၌ ကျင်လည်ကျက်စားခဲ့သည့် ရေသတ္တဝါဖြစ်သည်။ ယခုအချိန်တွင် အဆိုပါ အမ်မိုနိုက်များမှာ မျိုးသုဉ်းသွားပြီ ဖြစ်သည်။

ယနေ့အချိန်တွင် အမ်မိုနိုက်ရုပ်ကြွင်းများကို နေရာတကာမှ ပြန်လည်တွေ့ရှိ လာရသည်။

တွေ့ရှိရသည့် အမ်မိုနိုက်ရုပ်ကြွင်းများ၏ အရွယ်မှာ ပဲနောက်စေ့အရွယ်မှ အချင်း ၁ဝ ပေအထိ ဖြစ်သည်။ ထိုသို့ တွေ့ရှိရမှုများတွင် မြန်မာနိုင်ငံမြောက်ပိုင်းမှ ထွက်ရှိသည့်ပယင်းအတွင်းမှ အမ်မိုနိုက်ရုပ်ကြွင်းကို တွေ့ရှိမှုလည်း ပါဝင်သည်။ သို့သော် ပယင်းအတွင်းမှ အမ်မိုနိုက်ရုပ်ကြွင်းကို တွေ့ရှိမှုသည် ယခုမှ ကမ္ဘာ့ပထမဆုံး ဖြစ်သည်။

ပယင်းဆိုသည်မှာ မာကျောနေပြီဖြစ်သည့် သစ်စေးတစ်မျိုးဖြစ်သည်။ ထိုသစ်စေး စတင်ဖြစ်ပေါ်ချိန်တွင် သက်ရှိ အမျိုးမျိုးက အဆိုပါ သစ်စေးအတွင်း ပိတ်မိနေကာ နောက်ပိုင်းတွင် ကျောက်ဖြစ်ရုပ်ကြွင်း အဖြစ်သို့ ရောက်ရှိလာသည်။

ယခုတွေ့ရှိသည့် ပယင်းအရွယ်အစားမှာ အရှည် ၃၃ မီလီမီတာ၊ ဗြက် ၉ ဒသမ ၅ မီလီမီတာနှင့် အမြင့် ၂၉ မီလီမီတာရှိသည်။

ထိုပယင်းအတွင်း၌ အမ်မိုနိုက်ရုပ်ကြွင်းအပြင် ကမ္ဘာမြေ၏ စီနိုမာနီးယန်းခေတ်အတွင်း ကျင်လည် ကျက်စားခဲ့သော သတ္တဝါအများအပြားလည်း ပါဝင်သည်ကို တွေ့ရသည်။

အနည်းဆုံး အမျိုး ၄ဝ အထိရှိသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

မြန်မာ့ပယင်းအတွင်းမှ အမ်မိုနိုက်ရုပ်ကြွင်း တွေ့ရှိသူမှာ တရုတ်သိပ္ပံ အကယ်ဒမီကျောင်း၏ နန်ကျင်းတက္ကသိုလ်ရှိ ဘူမိဗေဒနှင့် ကျောက်ဖြစ်ရုပ်ကြွင်းဆိုင်ရာ ပါမောက္ခ ဝမ်ဘိုဖြစ်သည်။

ထို့နောက် ဝမ်ဘိုအပါအဝင် သုတေသနပညာရှင်များသည် ပယင်းအတွင်း ပါရှိသည့်အရာများကို ထင်ရှားစွာ တွေ့မြင်နိုင်စေရန်အတွက် မိုက်ခရိုစီတီကို အသုံးပြုလေ့လာသည်။

အဆိုပါ ပယင်းအတွင်းရှိ အမ်မိုနိုက်သည် အကောင်ပေါက်အဆင့်သာ ရှိသေးကြောင်း၊ အပြင်ခွံသည် ကျိုးကြေနေပြီး အခွံအတွင်းမှာလည်း သဲများဖြင့် ပြည့်နေကြောင်း၊ ထို့ကြောင့် အမ်မိုနိုက်သည် သေပြီးမှသာ ပင်လယ်ကမ်းခြေသို့ ရောက်ရှိလာပြီးနောက် ပယင်းအတွင်း ပိတ်မိသွားခြင်း ဖြစ်နိုင်ကြောင်း သုတေသနပညာရှင်များက သုံးသပ်ထားသည်။

ထိုပယင်းသည် ပင်လယ်ကမ်းစပ်ရှိ သစ်ပင်များမှ သစ်စေးဖြစ်နိုင်ကြောင်း၊ အဆိုပါ ပယင်းအတွင်းမှ တွေ့ရှိရသည့် အခြားပိုးကောင်များမှာ သစ်ပင်အနီးအနားတွင် နေထိုင်သည့် ပိုးကောင်များ ဖြစ်နိုင်ကြောင်း သုတေသနပညာရှင်များက ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မြန်မာ့ပယင်း အတွင်းမှ ကမ္ဘာဦးသတ္တဝါ အချို့ကို အကောင်လိုက်သော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းအားဖြင့် သော်လည်းကောင်း ပြန်လည်မြင်တွေ့ရသည့်အတွက် ထိုပယင်းများမှာ ကမ္ဘာကျော်လူ သိများသည်။ မကြာသေး မီကလည်း မြန်မာ့ပယင်းအတွင်းမှ ဒိုင်နိုဆောခေတ်ငှက်၊ ဒိုင်နိုဆော ခေတ်ပိုးဟပ်တို့ကို တွေ့ရှိဖူးသည်။

ထက်မြတ်

Ref: Mail Online

Read 42 times Last modified on Wednesday, 15 May 2019 09:36