Print this page

ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်မှုအတွက် ပစ်မှတ်အဖြစ် နေပေးမယ့် ABHYAS

Thursday, 16 May 2019 12:36 font size decrease font size decrease font size increase font size increase font size

ABHYAS ဆိုသည်မှာ အလိုအလျောက်စနစ်ဖြင့် သွားနိုင်သည့် ဖျက်ဆီးနိုင်သော မြန်နှုန်းမြင့် ဝေဟင်ပစ်မှတ် ဒရုန်းတစ်စင်းဖြစ်သည်။ ထိုဒရုန်းကို အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေး သုတေသနနှင့် တိုးတက်ထုတ်လုပ်မှု အဖွဲ့အစည်း(DRDO)က ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ ကျည်စစ်ကျည်မှန်အသုံးပြု စစ်လက်နက်ပစ္စည်း စမ်းသပ်မှုများတွင် ဝေဟင်ပစ်မှတ်အဖြစ် ရှိနေပေးရန်ဖြစ်သည်။

မြေပြင်မှဝေဟင်ပစ်  ဒုံးကျည်များအပြင် ခရု(စ်)ဒုံးကျည်များနှင့်   ပဲ့ထိန်းဒုံးကျည်များ ပါဝင်သည့်  ကြားဖြတ်ဒုံးကျည်များ တိုးတက်ထုတ်လုပ်ရာတွင်   ပစ်မှတ်ဒုံးကျည်များနှင့် ဒရုန်းများက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။  ABHYAS  သည်  မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များအတွက် အစမ်းသပ်ခံမည့် လေယာဉ်နေရာတွင် ပါဝင်မည်ဖြစ်ပြီး ဝေဟင်မှဝေဟင်ပစ် ဒုံးကျည်များ စမ်းသပ်ရာတွင်လည်း အသုံးပြုနိုင်ရန် ဒီဇိုင်းဆွဲထားသည့် ပစ်မှတ်ဒရုန်းဖြစ်သည်။

ယခုအခါ ABHYAS ၏ စမ်းသပ်ပျံသန်းမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း DRDO ကထုတ်ပြန်ထားသည်။ ၎င်းသည်  အသေးစားဓာတ်ငွေ့ တာဘိုင်အင်ဂျင်၏ အားဖြင့် ပျံသန်းခြင်းဖြစ်ပြီး ပျံသန်းမည့် လမ်းကြောင်းနှင့်   ထိန်းချုပ်မှုအတွက် ပြည်တွင်းဖြစ် MEMS စနစ်ကို အသုံးပြုထားခြင်းဖြစ်သည်။ စမ်းသပ်မှုကိုမူ သြရိဿပြည်နယ် ချန်ဒီပူရမြို့အနီးရှိ စမ်းသပ်ကွင်း၌ လုပ်ဆောင်ခြင်းဖြစ်သည်။

ABHYAS ကို ၂ဝ၁၂ ခုနှစ်ကတည်းက စတင်တီထွင်ခြင်းဖြစ်ပြီး  ၂ဝ၁၃  ခုနှစ်တွင် DRDO က အပြည်ပြည်ဆိုင်ရာ ကာကွယ်ရေးပစ္စည်းပြပွဲ၌   မိတ်ဆက်ပြသနိုင်သည်။ ထိုနှစ်မှာပင် တောင်ကိုရီးယား နိုင်ငံ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အာကာသနှင့် ကာကွယ်ရေးပစ္စည်း ပြပွဲ၌လည်း ABHYAS ကို ထုတ်ဖော်ပြသခဲ့သည်။

ABHYAS   ၏ တည်ဆောက်ပုံသည် ကိုယ်ပျောက်စစ်လက်နက် ပစ္စည်းတစ်ခုနှင့် ပိုမိုဆင်တူသည်။ ၎င်းတွင် ရေဒါဖြင့် ဖမ်းယူနိုင်သည့် အရွယ်အစား ပမာဏကို ချိန်ညှိနိုင်သည့် စနစ်တစ်ခု ပါဝင်သည်။ ထိုစနစ်အတွက် ထိပ်ဖူးဘက်တွင် လွန်းဘာ့မှန်ဘီလူးကို အသုံးပြုထားသည်။အဆိုပါထိပ်ဖူးသည်လည်း တစ်ဖက်ရေဒါ၏    ဖမ်းယူနိုင်မှု ပမာဏကို လျှော့ချနိုင်စွမ်းရှိသည်။ ထို့ပြင် ABHYAS  တွင် အာရုံခံကိရိယာ အမျိုးမျိုးလည်း တပ်ဆင်ထားသည်။ အဆိုပါ ကိရိယာများတွင် ဒုံးကျည်အကွာအဝေးတိုင်း အာရုံခံကိရိယာများလည်း ပါဝင်သည်။

အိန္ဒိယနိုင်ငံ၌ ပြည်တွင်းဖြစ်နှင့်ပြည်ပမှ တင်သွင်းသည့် အမျိုးမျိုးသော လေကြောင်းရန်နှင့် ဒုံးကျည်ကာကွယ်ရေး စနစ်များရှိသည်။ထိုစနစ်များတွင် ရုရှားနိုင်ငံထုတ် S-400 စနစ်နှင့် ပြည်တွင်းဖြစ် AKASH စနစ်တို့လည်း အပါအဝင်ဖြစ်သည်။

ထို့ကြောင့် အဆိုပါ ကာကွယ်ရေးစနစ်များ၏ ထိရောက်မှုကို စမ်းသပ်နိုင်ရန်အတွက် ပစ်မှတ်အဖြစ် တည်ရှိပေးမည့်   စွမ်းဆောင်ရည်မြင့် ဒရုန်းများ မဖြစ်မနေ လိုအပ်ပေသည်။

Read 38 times Last modified on Thursday, 16 May 2019 12:37