Print this page

ဗီယက်နမ်နိုင်ငံ၌ နိုင်ငံရေး အကျဉ်းသားမရှိ

Thursday, 16 May 2019 12:50 font size decrease font size decrease font size increase font size increase font size

ဗီယက်နမ်နိုင်ငံ၌ နိုင်ငံရေး အကျဉ်းသားများ မရှိကြောင်း၊   အစိုးရကို ဝေဖန်သူများ ဖမ်းဆီးထိန်းသိမ်း ခံထားရသည် ဟူသော နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့၏ ထုတ်ပြန်ချက်သည် အခြေအမြစ် မရှိကြောင်း ဗီယက်နမ် အစိုးရတာဝန်ရှိသူက ပြောသည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့၏ ထုတ်ပြန်ချက်သည် ရည်မှန်းချက်မဲ့ကာ ဗီယက်နမ် အစိုးရအပေါ်   တစ်ဖက်သတ် ထင်မြင်ယူဆချက်နှင့် မှားယွင်းသော သတင်းအချက်အလက်များ အပေါ် မူတည်သည့် အခြေအမြစ်မရှိသော ထုတ်ပြန်ချက်ဖြစ်ကြောင်း ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လီသီသူဟန်းက မေ ၁၄ ရက် နှောင်းပိုင်းတွင် ပြောသည်။

ထို့ပြင် ယခုထုတ်ပြန်ချက်သည် ရိုင်းစိုင်းသော၊   နိုင်ငံရေးအရ တွန်းအားပေးသော၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ကမ္ဘာပေါ်ရှိ လူ့အခွင့်အရေး တိုးမြှင့်ပေးနေမှုတို့ကို ဖျက်လိုဖျက်ဆီး လုပ်ရန် ရည်ရွယ်သော ထုတ်ပြန်ချက်သာ ဖြစ်ကြောင်း  ၎င်းကဆက်ပြောသည်။

ဗီယက်နမ်အစိုးရသည် အငြင်းပွားဖွယ် ဆိုက်ဘာလုံခြုံရေး ဥပဒေအသစ်ကို  စတင် အသက်သွင်းပြီးနောက် ပြီးခဲ့သည့်နှစ်တွင် အဖမ်းခံရသည့် နိုင်ငံရေး အကျဉ်းသား အရေအတွက်မှာ ၉၇ ဦးမှ ၁၂၈ ဦးအထိ မြင့်တက်လာကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က မေ ၁၃ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် နိုင်ငံရေးအမြင်များကို လွတ်လပ်စွာ ဝေဖန်ရေးသားသော မည်သူ့ကိုမျှ အစိုးရက ဖမ်းဆီးထားခြင်း မရှိကြောင်း၊  အစိုးရသည်လည်း   ပြည်သူများ၏ အခြေခံအခွင့်အရေးများကို လေးစားပြီး ထိုအခွင့်အရေးများ ရရှိစေရန် အတွက် လုပ်ဆောင်ပေးနေကြောင်းနှင့်   ထိုအခွင့်အရေးများကို ခုတုံးလုပ်၍ နိုင်ငံ၏ တည်ဆဲဥပဒေများကို ချိုးဖောက်ရန် ကြိုးပမ်းသူများကိုသာ ဖမ်းဆီးခြင်းဖြစ်ကြောင်း လီသီသူဟန်းက ပြောထားသည်။

Read 40 times Last modified on Thursday, 16 May 2019 12:51