အီရန်နှင့်အမေရိကန်တို့ကြား တင်းမာမှု မြင့်တက်နေစဉ် အရှေ့အလယ်ပိုင်းသို့ စစ်သည် ၅ဝဝဝ ခန့် ထပ်မံစေလွှတ်ရန်တောင်းဆိုမှုကို ကာကွယ်ရေး ဝန်ကြီးဌာနက စဉ်းစားနေသည်ဟု အမေရိကန် အရာရှိနှစ်ဦးက ပြောသည်။
အမေရိကန်အလယ်ပိုင်း စစ်ဌာနချုပ်က ထိုစစ်သည်များကို တောင်းဆိုခြင်း ဖြစ်ကြောင်းနှင့် ပင်တဂွန် စစ်ဌာနချုပ် အနေဖြင့် ခွင့်ပြုနိုင်ခြင်းရှိ၊ မရှိကိုမသိနိုင်ကြောင်း အမည်မဖော်လိုသူ အရာရှိနှစ်ဦးက မေ ၂၂ ရက်တွင် ပြောသည်။
အဆိုပါ စစ်သည်များကို စေလွှတ်ဖြစ်ပါက ၎င်းတို့သည် ခံစစ်အတွက်သာ ဖြစ်သည်ဟု အရာရှိနှစ်ဦးအနက် တစ်ဦးကဆိုသည်။
အမေရိကန်ပင်တဂွန် စစ်ဌာနချုပ်အနေဖြင့် အနာဂတ်တွင် လုပ်ဆောင်မည့် အစီအစဉ်များနှင့် စစ်သည်အင်အား တောင်းဆိုချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း သို့မဟုတ် ထင်ကြေးပေး ပြောဆိုခြင်းတို့ လုပ်မည်မဟုတ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ တပ်မှူး ရေဘက္ကာရီဘာရစ်က ပြောသည်။
အီရန်နိုင်ငံမှ ထွက်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှု မြင့်တက်နေစဉ် ပင်တဂွန်အနေဖြင့် ကာကွယ်တားဆီးရေး အစီအမံများကို အသင့်ပြင်ဆင်ထားသည်ဟု ခေတ္တကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှာနာဟန်က အစောပိုင်းတွင် ပြောသည်။
Ref: Reuters