SJ WorldNews - шаблон joomla Авто

ကုန်သွယ်ရေး စစ်ပွဲမှာ တစ်နေရာက ပါဝင်လာတဲ့ မြေရှားဒြပ်စင်အကြောင်း

Friday, 24 May 2019 17:10 font size decrease font size decrease font size increase font size increase font size

အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ဖြစ်ပွားနေသည့် ကုန်သွယ်ရေးစစ်ပွဲတွင် နည်းပညာ ထုတ်ကုန်များသည်လည်း တစ်ထောင့်တစ်နေရာမှ ပါဝင်လာသည်။ အထူးသဖြင့် နောက်ဆုံးပေါ် နည်းပညာမြင့် လက်ကိုင်ဖုန်းများ ထုတ်လုပ်မှုဖြစ်သည်။ ထိုလက်ကိုင်ဖုန်းများ ထုတ်လုပ်ရာတွင် မြေရှားဒြပ်စင်(rareearth elements) များက မရှိမဖြစ်လိုအပ်သည့် အရာများ ဖြစ်သည်။ ထို့ကြောင့် ကုန်သွယ်ရေး စစ်ပွဲတွင် မြေရှားဒြပ်စင်များကလည်း အခန်းကဏ္ဍ တစ်ခုအနေဖြင့် ပါဝင်လာခြင်း ဖြစ်သည်။

ထို့ပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟွားဝေကုမ္ပဏီကို အမည်ပျက်စာရင်းသွင်းပြီး နောက်တစ်ရက်တွင် တရုတ်သမ္မတရှီကျင့်ဖျင်က နိုင်ငံအတွင်းရှိ မြေရှားဒြပ်စင်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်စစ်ဆေးမှု ထွက်ပေါ်လာသည်။ ထို့ကြောင့် တရုတ်က အမေရိကန်သို့ မြေရှားဒြပ်စင်များတင်ပို့မှု ကန့်သတ်ခြင်းဖြင့် ကုန်သွယ်ရေးစစ်ပွဲကို အရှိန်မြှင့်လာနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

မြေရှားဒြပ်စင် ၁၇ ခုရှိသည်။ ၎င်းတို့မှာစီရီယမ်၊ ဒစ်စပိုဆီယမ်၊ အားဘီယမ်၊ ယူရိုပီယမ်၊ ဂါဒိုလီနီယမ်၊ ဟိုးမီယမ်၊ လန်သနမ်၊လူထီးရှီယမ်၊ နီယိုဒင်မီယမ်၊ ပရေးဆီယိုဒင်မီယမ်၊ ပရိုမီသီယမ်၊ ဆမယ်ရီယမ်၊ စကန်းဒီယမ်၊ ထာဘီယမ်၊ သူးလီယမ်၊ အက်ထားဘီယမ်နှင့် အစ်ထရီယမ်တို့ဖြစ်သည်။ ထိုဒြပ်စင်များတွင် ရေဒီယိုသတ္တိကြွဓာတ်ရှိသော ပရိုမီသီယမ်မှလွဲ၍ ကျန်ဒြပ်စင်များအားလုံးကို ကမ္ဘာမြေ၏အပေါ်ယံ အလွှာ၌ အများအပြား တွေ့ရှိနိုင်သည်။ သို့သော် ၎င်းတို့၏ ဘူမိဓာတု ဂုဏ်သတ္တိများအရ တစ်နေရာတည်းတွင် တစုတစည်းတည်း မတွေ့နိုင်ပေ။

၁၉၄၈ ခုနှစ်မတိုင်မီအထိ အိန္ဒိယနှင့် ဘရာဇီးနိုင်ငံတို့ရှိ သတ္တုသိုက်များမှ မြေရှားဒြပ်စင် အများဆုံးထွက်ရှိသည်။ ၁၉၅ဝ ပြည့်နှစ်များတွင် တောင်အာဖရိကဒေသက ကမ္ဘာပေါ်တွင် မြေရှားဒြပ်စင် အများဆုံးထုတ်လုပ်သူ ဖြစ်လာသည်။ ၁၉၆ဝ ပြည့်နှစ်မှ ၁၉၈ဝ ပြည့်နှစ်အထိ ကယ်လီဖိုးနီးယားပြည်နယ်က ထိုဒြပ်စင်များကို အများဆုံး ထုတ်လုပ်နိုင်သော်လည်း ယနေ့အချိန်တွင် တရုတ်နိုင်ငံက ကမ္ဘာပေါ်တွင် မြေရှားဒြပ်စင် အများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်လာပြီ ဖြစ်သည်။

တစ်ကမ္ဘာလုံးအနေအထားနှင့် နှိုင်းယှဉ်လျှင် တရုတ်နိုင်ငံ၌ မြေရှားဒြပ်စင်သတ္တုသိုက် ၃၆ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိသော်လည်း ကမ္ဘာ့နိုင်ငံများအတွက် လိုအပ်သည့် မြေရှားဒြပ်စင် ၈၁ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးလျက်ရှိသည်။ မြေရှားဒြပ်စင် အဓိကထွက်ရှိသော ဒေသမှာ အတွင်းမွန်ဂိုလီးယားဒေသ ဖြစ်သည်။

တရုတ်နိုင်ငံ၏နောက်တွင် သြစတြေးလျနိုင်ငံက ကမ္ဘာ့မြေရှားဒြပ်စင် လိုအပ်ချက်၏ ၁၅ ရာခိုင်နှုန်းကို ထောက်ပံ့ပေးပြီး ဒုတိယနေရာ၌ ရပ်တည်နေသည်။

ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်း မြေရှားဒြပ်စင်ကို ကျယ်ကျယ်ပြန့်ပြန့် ပိုမိုအသုံးပြုလာသည်။ အဓိကအားဖြင့် စွမ်းဆောင်ရည်မြင့်သံလိုက်များ၊ ဓာတ်ကူပစ္စည်းများ၊ သတ္တုစပ်များ၊မျက်မှန်များနှင့် လျှပ်စစ်ပစ္စည်းများတွင် ဖြစ်သည်။ ထို့ပြင် ၎င်းတို့ကို စွမ်းအင်နှစ်မျိုးသုံးယာဉ်များ၊ လေရဟတ်များ၊ ဟာ့ဒစ်ဒရိုက်များ၊ သွားလေရာ သယ်ဆောင်နိုင်သော လျှပ်စစ်ပစ္စည်းများ၊ မိုက်ခရိုဖုန်းများ၊ အသံချဲ့စက်များ၊လောင်စာဆဲများ၊ LCD နှင့် ပလာစမာမျက်နှာပြင်များ၊ ဖိုက်ဘာနန်းကြိုးများ၊ လေဆာများနှင့် ဆေးပညာသုံးပုံရိပ်ဖော်စက်များတွင်လည်း အသုံးပြုသည်။

ရေနံသန့်စင်ခြင်းနှင့် ဒီဇယ်ဖြည့်စွက်ပစ္စည်းများအတွက် စီရီယမ်နှင့် လန်သနမ်တို့မှာ အရေးကြီးသည့် ဓာတ်ကူပစ္စည်းများ ဖြစ်သည်။

အလားတူ မြေရှားဒြပ်စင်များကို အပင်ကြီးထွားစေရန်၊ အထွက်နှုန်းတိုးမြင့်စေရန်အတွက် စိုက်ပျိုးရေး ကဏ္ဍတွင်လည်း အသုံးပြုသည်။

ထက်မြတ်

Ref: AFP

Read 54 times Last modified on Friday, 24 May 2019 17:10