ပါကစ္စတန်စစ်ဘက်သည် Shaheen II မြေပြင်မှ မြေပြင်ပစ်ပဲ့ထိန်း ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။ ထိုဒုံးကျည်သည် သမားရိုးကျနှင့် နျူကလီးယား ထိပ်ဖူးများကို သယ်ဆောင်ကာ အကွာအဝေး ကီလိုမီတာ၂၄ဝဝ အထိ ရောက်ရှိနိုင်ကြောင်း သိရသည်။
Shaheen II ဒုံးကျည်သည် ပါကစ္စတန်နိုင်ငံအတွက် မဟာဗျူဟာမြောက် လိုအပ်သည့် အဟန့်အတားကို ဖြည့်ဆည်းပေးမည် ဖြစ်ကြောင်း စစ်ဘက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှာမီမတ်ကူရက်ရှီသည် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးနှင့် ကာဂျစ္စတန်နိုင်ငံ၌ မေ ၂၂ ရက်တွင် တွေ့ဆုံစဉ် ပါကစ္စတန် အစိုးရသည် အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဆန္ဒရှိကြောင်း ပြောသည်။
ပါကစ္စတန် အစိုးရအနေဖြင့် စကားကို မည်သည့်အခါမျှ ပစ်ပစ်ခါခါမပြောဘူးကြောင်း၊ အိန္ဒိယနိုင်ငံ၏ မိတ်ဆွေနိုင်ငံအဖြစ် တည်ရှိလိုကြောင်း၊ နှစ်နိုင်ငံအကြား ပဋိပက္ခများကို ဆွေးနွေးမှုများ မှတစ်ဆင့် ဖြေရှင်းလိုကြောင်း ရှာမီမတ်ကူရက်ရှီက ပြောသည်။
၁၉၄၇ ခုနှစ်တွင် ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရသည့် အချိန်မှစ၍ အိန္ဒိယနှင့်ပါကစ္စတန်တို့အကြား နယ်နိမိတ်အပိုင်းအခြားအရ သော်လည်းကောင်း၊ ဘာသာရေးအရ သော်လည်းကောင်း အငြင်းပွားမှုများနှင့် စစ်ပွဲများ အကြိမ်ကြိမ် ဖြစ်ပွားသည်။ Ref: Reuters