SJ WorldNews - шаблон joomla Авто

အိန္ဒိယ-ပါကစ္စတန် တင်းမာမှု လျှော့ချနိုင်ရေးအတွက် လိုအပ်နေသည့် ယုံကြည်မှု ပြန်လည်တည်ဆောက်ရေး

Monday, 27 May 2019 09:48 font size decrease font size decrease font size increase font size increase font size

အိမ်နီးချင်းနိုင်ငံများလည်းဖြစ်၊ နျူကလီးယား နိုင်ငံကြီးများလည်း ဖြစ်သည့် အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် ကြိုးပမ်းနေစဉ် အိန္ဒိယက အလေးချိန် ၅ဝဝ ကီလိုဂရမ်ရှိ ပဲ့ထိန်းဒုံး တစ်လုံးကို မေ ၂၄ ရက်က စမ်းသပ် ဖောက်ခွဲလိုက်သည်ကို တွေ့ရသည်။

အိန္ဒိယက လုပ်ဆောင်သည့် အဆိုပါ စမ်းသပ်မှုသည် ပါကစ္စတန်က နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်သည့် မြေပြင်မှ မြေပြင်ပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ် ပစ်ခတ်ပြီးနောက် တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါပစ်ခတ်မှုကို ပါကစ္စတန် နယ်စပ်အနီးရှိ ပိုခရန်စက်ပစ်ကွင်း အတွင်း၌ လုပ်ဆောင်ခြင်း ဖြစ်ပြီး ယင်းဒုံးကျည်သည် အကွာအဝေး ၃ဝ ကီလိုမီတာရှိ ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်ခဲ့သည်ဟု အိန္ဒိယသိပ္ပံ ပညာရှင်များက ပြောကြားသည်။

ပါကစ္စတန်နိုင်ငံသည် သမားရိုးကျ ထိပ်ဖူးများနှင့် နျူကလီးယား ထိပ်ဖူးနှစ်မျိုးစလုံးကို သယ်ဆောင်နိုင်သည့် Shaheen II အစား မြေပြင်မှမြေပြင်ပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို မေ ၂၃ ရက်တွင် စမ်းသပ်ပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်လိုက်ခြင်းသည် အိန္ဒိယတွင် လက်ရှိဝန်ကြီးချုပ် မိုဒီက ရွေးကောက်ပွဲတွင် အနိုင်ရရှိသည်ဟူသော သတင်းများ ထွက်ပေါ်ချိန်နှင့် တိုက်ဆိုင်နေသည်ကို တွေ့ရသည်။ ဒုံးကျည်စမ်းသပ်မှုကို ပါကစ္စတန်က မည်သို့သော သဘောထားနှင့် လုပ်ဆောင်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း ၎င်းတို့အနေဖြင့် အိန္ဒိယနှင့် ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန် ဆန္ဒရှိသည်ဟု ဆိုထားသည်။

သို့ရာတွင် ဒုံးကျည်စမ်းသပ်မှုကြောင့် အိန္ဒိယနိုင်ငံက ဗုံးစမ်းသပ်ဖောက်ခွဲခြင်းဖြင့် တုံ့ပြန်မှုကိုသာ ရရှိခဲ့သည်ဟု ဆိုနိုင်သည်။

ထို့ပြင် အိန္ဒိယနိုင်ငံမှ တိုက်ခိုက်မှုများ ပြုလုပ်လာပါက ကာကွယ်ရန် ပါကစ္စတန်လေတပ်က ၎င်းတို့၏ F-16 အမျိုးအစားတိုက်လေယာဉ်များကို ပြန်လည်ဖြန့်ကြက်လိုက်ပြီ ဖြစ်ကြောင်း အစိုးရအဖွဲ့မှ အရင်းအမြစ် များက ပြောကြားထားသည်။

ဖြန့်ကြက်လိုက်သည့် အဆိုပါ တိုက်လေယာဉ်များမှာ ပန်ဂျပ်ပြည်နယ်ရှိ လေတပ်စခန်းများမှဖြစ်ပြီး လေတပ်က ယင်းလေယာဉ်များအား နှစ်နိုင်ငံနယ်စပ်ထိန်းချုပ်ရေး မျဉ်းတစ်လျှောက်တွင် ဖြန့်ကြက်ရန် စီစဉ်ထားသည်။

ပါကစ္စတန်၏ အဆိုပါ လုပ်ဆောင်ချက်ကို ကြည့်မည်ဆိုပါက အိန္ဒိယစစ်လေယာဉ်များက ပါကစ္စတန်၏ ပိုင်နက်ဖြစ်သည့် ဘာလာကော့ဒေသ အတွင်းသို့ ဝင်ရောက် တိုက်ခိုက်ချိန်က ပါကစ္စတန်လေတပ်က အိန္ဒိယစစ်လေယာဉ်များအား ထိရောက်စွာ တန်ပြန်နိုင်ခြင်း မရှိသောကြောင့် ဖြစ်ပွားခဲ့သော ဆုံးရှုံးခဲ့ရမှုများမှ သင်ခန်းစာယူ၍ ကြိုတင်ပြင်ဆင်ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

ပါကစ္စတန်လေတပ်သည် တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားပါက ဆုံးရှုံးမှုကို လျှော့ချရန် တိုက်လေယာဉ်များကို နယ်စပ်ထိန်းချုပ်ရေး မျဉ်းတစ်လျှောက်တွင် ဖြန့်ကြက်ထားကြောင်း အမည်မဖော်လိုသူ အရင်းအမြစ် များက ဆိုထားသောကြောင့် ပါကစ္စတန် အခြေစိုက် ဂျေအီးမိုဟာမက်အဖွဲ့က အိန္ဒိယ လက်အောက်ခံ ကက်ရှ်မီးယား ဒေသ၌

ဖေဖော်ဝါရီ ၁၄ ရက်က အသေခံဗုံးခွဲ တိုက်ခိုက်ရာမှ ဖြစ်ပေါ်လာခဲ့သည့် တင်းမာမှုများကို လျှော့ချရေး လုပ်ဆောင်ရာတွင် အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံကြား ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိပါက တင်းမာမှုကို လျှော့ချရေး လုပ်ဆောင်ရာတွင် ဆက်လက်ခက်ခဲနေမည် ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

Ref: Sputnik

Read 49 times Last modified on Monday, 27 May 2019 09:48