SJ WorldNews - шаблон joomla Авто

မူကြိုကလေးများ၏ ကျန်းမာရေးကို နေ့စဉ် စစ်ဆေးပေးနေသည့် ဝေါ့လိတ်

Tuesday, 28 May 2019 10:13 font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံသည် နည်းပညာကဏ္ဍတွင် တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာသည်မှာ အမှန်ပင်ဖြစ်သည်။ အထူးသဖြင့် လူလုပ်အသိဉာဏ် နည်းပညာတွင်ဖြစ်သည်။ ထိုနည်းပညာကို လူမှုဘဝတိုးတက်ရေးတွင် အကျိုးရှိရှိ အသုံးချနိုင်သည်ကိုလည်း တွေ့ရသည်။

အဆိုပါ နည်းပညာအသုံးပြု ထုတ်လုပ်ထားသည့် ထုတ်ကုန်များတွင် ကလေးငယ်များ၏ ကျန်းမာရေးကို စစ်ဆေး ပေးနိုင်သော စက်ရုပ်များလည်း ပါဝင်သည်။ တရုတ်နိုင်ငံ၏ ထိုနည်းပညာ ခေတ်စားလာသည်နှင့်အမျှ နောင်တစ်ချိန်တွင် မူကြိုကျောင်းများရှိ သူနာပြုများနေရာကို စက်ရုပ်များဖြင့် အစားထိုးလာနိုင်မည် ဖြစ်သည်။

ယခုအခါ တရုတ်နိုင်ငံရှိ မူကြိုကျောင်း ၂ဝဝဝ ကျော်တွင် တက်နေသော ကလေးငယ်များ၏ ကျန်းမာရေးကို ထိုစက်ရုပ်များ၏ အကူအညီဖြင့် နံနက်တိုင်း စစ်ဆေးပေးနေပြီ ဖြစ်သည်။ ထိုစက်ရုပ်၏ အမည်မှာ ဝေါ့လိတ်ဖြစ်သည်။ ဝေါ့လိတ်သည် ကာတွန်းပုံမျက်နှာနှင့် လေးထောင့်ကျသော ခန္ဓာကိုယ်ရှိသည်။

အချိန် ၃ စက္ကန့်အတွင်း ကလေးတစ်ဦး၏ လက်များ၊ မျက်စိများနှင့် လည်ချောင်းတို့ကို စကင်ဖတ်နိုင်သည်။

ဝေါ့လိတ်တွင် သာမိုမီတာနှင့်ကင်မရာများ တပ်ဆင်ထားပြီး မျက်စိနာခြင်း၊ ဖျားနာခြင်း၊ လက်၊ ပါးစပ်နှင့် ခြေထောက်တို့တွင် အနာများဖြစ်ခြင်း စသည့် သာမန်ရောဂါ အခြေအနေများကို စစ်ဆေးသွားမည် ဖြစ်သည်။ ကလေးငယ်တွင် နာမကျန်းဖြစ်သည့် လက္ခဏာများ(ဥပမာမျက်စိနီခြင်း၊အဖုအပိမ့်များထွက်ခြင်း၊ ပါးစပ်တွင် ပြည်တည်ခြင်း)တွေ့ရှိပါက ထိုကလေးကို သူနာပြုနှင့်ပြရန် စက်ရုပ်က လမ်းညွှန်မည် ဖြစ်သည်။ ထို့ပြင် ဝေါ့လိတ်သည် ကျောင်းများရှိ ကလေးများ၏ နေ့စဉ်ကျန်းမာရေး အစီရင်ခံစာများကို သိမ်းဆည်းကာ လိုအပ်ချိန်တွင် ပြန်ထုတ် ပေးနိုင်သည့်အတွက် ရောဂါဆိုး ပျံ့နှံ့မှုကို တားဆီးရန်ကြိုးပမ်းခြင်း သို့မဟုတ် တားဆီးခြင်း တို့တွင်လည်း ကူညီပေးနိုင်မည် ဖြစ်သည်။

ထို့ကြောင့် ဝေါ့လိတ်ကို အသုံးပြုခြင်းက ကျွမ်းကျင်သူနာပြုများ၊ ဆရာဝန်များ လုံလောက်စွာ မရှိသည့် လူဦးရေထူထပ်သော နေရာများ၌ အကောင်းဆုံးသော ကျန်းမာရေး စောင့်ကြည့်မှုကို ရရှိစေမည်ဟု မက်ဆာချူးဆက်ပြည်နယ်ရှိ တပ်တက္ကသိုလ်မှ ပါမောက္ခ ကာရင်ပန်နတ်တာက ပြောသည်။ ဝေါ့လိတ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်လျှင် ရောဂါပျံ့နှံ့မှုကို ခြေရာခံခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို လုပ်ဆောင်နိုင်မည်ဟု ၎င်းကဆက်ပြောသည်။

မူကြိုကျောင်းများက အသက်နှစ်နှစ်မှ ခြောက်နှစ်ကြားရှိ ကလေးများ၏ ကျန်းမာရေးကို စောင့်ကြပ်ကြည့်ရှုရန် အမြင့် ၃ ပေကျော်ရှိသည့် ဝေါ့လိတ်ကို ၂ဝ၁၇ ခုနှစ် ကတည်းက အသုံးပြုလာခြင်း ဖြစ်သည်။

မကြာသေးမီကမှ လူလုပ်အသိဉာဏ်နည်းပညာကို အဆင့်မြှင့်တင် ထားသည့်အတွက် ကမ္ဘာပေါ်တွင် အသစ်ထွက်ပေါ်နေသော ကူးစက်ရောဂါများကိုလည်း သိရှိနိုင်သည်။

ဝေါ့လိတ်ကို ကျန်းမာရေးအပြင် လုံခြုံရေးတွင်လည်း အသုံးပြုနိုင်သည်။ ၎င်းသည် သိမ်းဆည်းထားသော ကလေးမိဘများ၏ ဓာတ်ပုံများကို အသုံးပြု၍ ကလေးကို မူကြိုမှလာကြိုသူက မိဘကိုယ်တိုင် ဟုတ်၊ မဟုတ်ကိုခွဲခြားပေးမည် ဖြစ်သည်။ မသင်္ကာဖွယ်ရာ တစ်ခုခုတွေ့ပါက ကလေးပြန်ပေးဆွဲခံရခြင်းကို ကာကွယ်ရန်အတွက် သက်ဆိုင်ရာဆရာများသို့ သတင်းပေးပို့မည် ဖြစ်သည်။

ထက်မြတ်

Ref: Mail Online

Read 26 times Last modified on Tuesday, 28 May 2019 10:15