Print this page

မလေးရှားက တရားမဝင် တင်သွင်းလာသော အမှိုက်တန်ချိန် ၃ဝဝဝ ကို မူလနိုင်ငံများသို့ ပြန်ပို့မည်

Wednesday, 29 May 2019 10:01 font size decrease font size decrease font size increase font size increase font size

မလေးရှားအစိုးရသည် တရားမဝင်တင်သွင်းလာသော ပလတ်စတစ် အမှိုက်တန်ချိန် ၃ဝဝဝ ကို မူလနိုင်ငံများသို့ ပြန်ပို့သွားမည် ဖြစ်ကြောင်း၊ အမှိုက်များကို တရားမဝင် တင်သွင်းသူများသည် နိုင်ငံ၏သစ္စာဖောက်များ ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ယိုးဘီးယင်က မေ ၂၈ ရက်တွင် ပြောသည်။

ကွန်တိန်နာအလုံး ၆ဝ ဖြင့် တင်ဆောင်လာသည့် အမှိုက်များကို နိုင်ငံအတွင်းသို့ တရားမဝင် သယ်ဆောင်ခြင်းသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာဥပဒေကို ချိုးဖောက်သည့် မှားယွင်းသော ကြေညာချက်နှင့် အခြားပြစ်မှုများကြောင့် ဖြစ်သည်ဟု ယိုးဘီးယင်က ကလန်းဆိပ်ကမ်း၌ အဆိုပါကွန်တိန်နာများကို စစ်ဆေးပြီးနောက် သတင်းထောက်များကို ပြောသည်။

ယင်းကိစ္စကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သောကြောင့် ပြည်တွင်းကုမ္ပဏီ မည်မျှပါဝင် ပတ်သက်သည်ကို မပြောနိုင် သေးသော်လည်း ပါဝင်ပတ်သက်သူ အားလုံးကို တရားဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ၎င်းကဆိုသည်။

၂ဝ၁၈ ခုနှစ်တွင် တရုတ်အစိုးရက ပလတ်စတစ် အမှိုက်တင်သွင်းမှုကို တားမြစ်လိုက်ပြီးနောက် မလေးရှားနိုင်ငံသည် ကမ္ဘာတွင် ပလတ်စတစ်အမှိုက် အများဆုံးတင်သွင်းသည့် နိုင်ငံဖြစ်လာသည်။

ထို့နောက်တွင် စွန့်ပစ်ပစ္စည်းပြန်လည် အသုံးပြုသည့် စက်ရုံအများအပြား ပေါ်ပေါက်လာသော်လည်း အများစုမှာ လုပ်ငန်းလိုင်စင် မရှိကြပေ။ ထို့ပြင် ပြည်သူများက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပြဿနာများနှင့် စပ်လျဉ်း၍ တိုင်တန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ Ref: CAN

Read 59 times Last modified on Wednesday, 29 May 2019 10:01