SJ WorldNews - шаблон joomla Авто

တစ်ကိုယ်တော် ပန်းချီပြပွဲ ကျင်းပမည့် စက်ရုပ်လူသား

Wednesday, 05 June 2019 10:33 font size decrease font size decrease font size increase font size increase font size

လူလုပ်အသိဉာဏ်အသုံးပြု ဖန်တီးထားသည့် စက်ရုပ်လူသားသည် ၎င်းတွင်တပ်ဆင်ထားသည့် စက်ရုပ်လက်နှင့် ကင်မရာကို အသုံးပြုကာ အောက်စဖို့မြို့၌ တစ်ကိုယ်တော် ပန်းချီပြပွဲကို ကျင်းပသွားမည် ဖြစ်သည်။

သင်္ချာပညာရှင် အေဒါလပ်ဗလေ့ကို ဂုဏ်ပြုသောအားဖြင့် အိုင်ဒါဟု အမည်ပေးထားသည့် အဆိုပါ စက်ရုပ်လူသားသည် ၎င်း၏မျက်စိတွင် တပ်ဆင်ထားသည့် ကင်မရာနှင့်လက်တွင် တပ်ဆင်ပေးထားသည့် ခဲတံတို့ကို အသုံးပြုကာ လူသားတစ်ဦးကဲ့သို့ ပန်းချီဆွဲ နိုင်စွမ်းရှိသည့် ပထမဆုံး စက်ရုပ်ဖြစ်သည်ဟု ထိုစက်ရုပ်ကို တီထွင်သူများက ပြောသည်။

မသေချာသော အနာဂတ်များဟု အမည်ပေးထားသည့် အဆိုပါ တစ်ကိုယ်တော်ပန်းချီပြပွဲကို အောက်စဖို့မြို့၌ ဇွန် ၁၂ ရက်မှ စတင်ဖွင့်လှစ်သွားမည် ဖြစ်သည်။ ထိုပြပွဲတွင် အိုင်ဒါရေးဆွဲထားသည့် ပန်းချီများအပြင် ဖွံ့ဖြိုးတိုးတက်လာသည့် လူလုပ်အသိဉာဏ်လုပ်ငန်းစဉ်များနှင့် လုပ်နည်းစနစ်တို့ကိုပါ ပြသသွားမည် ဖြစ်သည်။

ထို့ပြင် အနုပညာပြကွက်များတွင် ပုံကြမ်းရေးဆွဲခြင်း၊ ပန်းချီရေးဆွဲခြင်း၊ ပန်းပုထုခြင်းတို့ ပါဝင်ကာ လူလုပ်အသိဉာဏ်၊ နည်းပညာနှင့် သမားရိုးကျဘဝပုံစံတို့ကြားရှိ ကန့်သတ်ချက်များကို ဖော်ထုတ်သွားမည် ဖြစ်သည်။

ယခုကဲ့သို့ စက်ရုပ်လူသားတစ်ဦးရေးဆွဲ ထားသည့် အနုပညာများကို ထုတ်ဖော်ပြသရန်အတွက် စွန့်ဦးတီထွင် လုပ်ဆောင်ရသည့်အပေါ် စိတ်လှုပ်ရှားကြောင်း အိုင်ဒါကိုတီထွင်သူနှင့် ပန်းချီပြခန်းပိုင်ရှင် အိုင်ဒန်မဲလားကဆိုသည်။ အိုင်ဒါတွင် တပ်ဆင်ထားသည့်လက်များကို လိ(ဒ်)တက္ကသိုလ်မှ အင်ဂျင်နီယာများက တီထွင်ဖန်တီးထားခြင်း ဖြစ်သည်။

ထိုလက်များသည် အနုပညာအလုပ်များအတွက် အဓိကကျသော အစိတ်အပိုင်းများ ဖြစ်သည်။ အိုင်ဒါအနေဖြင့် မျက်စိကမြင်ရသော အရာများကို လက်ကလိုက်ပါ ရေးဆွဲရန်အတွက် တိကျသောလူလုပ် အသိဉာဏ်နည်းစနစ်များကို အင်ဂျင်နီယာများက အသေးစိတ်တွက်ချက် လုပ်ဆောင်ထားရခြင်း ဖြစ်သည်။ ထို့ကြောင့် အိုင်ဒါ၏စွမ်းရည်ကို လူသိရှင်ကြား ထုတ်ဖော်ပြသရခြင်းသည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အပြင် အနာဂတ် လူလုပ်အသိဉာဏ် တိုးတက်မှုကိုပါ အထောက်အပံ့ဖြစ်စေမည် ဖြစ်သည်။

ထက်မြတ်

Ref: Mail Online

Read 88 times Last modified on Monday, 10 June 2019 14:04