SJ WorldNews - шаблон joomla Авто

တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကို အခွင့်ကောင်းယူ၍ တရုတ်သို့ စွမ်းအင်နှင့် အရင်းအမြစ်များ တိုးမြှင့်တင်ပို့မည့်ရုရှား

Monday, 17 June 2019 10:37 font size decrease font size decrease font size increase font size increase font size

ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ စွမ်းအင်နှင့်အရင်းအမြစ်များ၊ စက်မှုလုပ်ငန်း သုံးပစ္စည်းများနှင့် စိုက်ပျိုးရေး ထုတ်ကုန်များ တိုးမြှင့်တင်ပို့မည် ဖြစ်ကြောင်း ရုရှားဒုတိယဝန်ကြီးချုပ် မက်ဆင်အာကီမော့က ဇွန် ၁၅ ရက်တွင် ပြောကြားလိုက်သည်။

အာကီမော့၏ အဆိုပါ ပြောကြားချက်သည် အမေရိကန်နှင့် တရုတ်တို့ကြား ဖြစ်ပွားနေသည့် ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်တက်နေစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံက အမေရိကန် ပြည်ထောင်စုနှင့် ကုန်သွယ်ရေး တင်းမာနေစဉ် ဗြိတိန်ကဲ့သို့သော တခြားအင်အားကြီး နိုင်ငံများနှင့် ကုန်သွယ်ရေး သဘောတူညီချက်များ ချမှတ်နိုင်ရန် ကြိုးပမ်းနေချိန်လည်း ဖြစ်သည်။

ထို့ကြောင့် ရုရှားအစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ ဒေသများမှ ထွက်ရှိသည့် စွမ်းအင်အရင်းအမြစ်များ အပါအဝင် လျှပ်စစ်ပစ္စည်းများ၊ လေယာဉ်စက်များ၊ နျူကလီးယား ကဏ္ဍသုံး စက်မှုပစ္စည်းများနှင့် ဓာတုစက်မှုထုတ်ကုန်များကို တရုတ်နိုင်ငံသို့ တိုးမြှင့်တင်ပို့ရန် စီစဉ်နေခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသို့ စွမ်းအင်အရင်းအမြစ်များနှင့် တခြားထုတ်ကုန်များ တိုးမြှင့်တင်ပို့မည့် အစီအစဉ်ကို အာကီမော့က ဆဋ္ဌမအကြိမ်မြောက် ရုရှား-တရုတ် ကုန်စည်ပြပွဲ၏ ဘေးပန်းတွေ့ဆုံ ဆွေးနွေးပွဲတစ်ခု၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

တစ်နည်းအားဖြင့် တရုတ်-အမေရိကန် ကုန်သွယ်ရေးတင်းမာမှုမှ ထွက်ပေါ်လာသည့် အခွင့်အလမ်းကို ရုရှားအစိုးရကလက်လွှတ်မခံဘဲ အမိအရ ဆုပ်ကိုင်လိုက်ခြင်းပင် ဖြစ်သည်။

ထို့ပြင် ရုရှားနှင့်တရုတ် နှစ်နိုင်ငံကြား ပူးပေါင်းဖော်ဆောင်မည့် စီမံကိန်းများအနက် ဦးစားပေး လုပ်ငန်းစဉ်များမှာ သယ်ယူပို့ဆောင်ရေး၊ အခြေခံအဆောက်အအုံ ပိုမိုကောင်းမွန်လာစေရန် အဆင်မြှင့်တင်ရေးနှင့် ရထားလမ်းများ ပိုမိုကောင်းမွန်စေရေးအတွက် အဆင့်မြှင့်တင်ရေးတို့ကို ဆက်လက် ဖော်ဆောင်မည် ဖြစ်ကြောင်း အာကီမော့က ဆက်ပြောကြားသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့သည့် ကုန်သွယ်ရေး ဆွေးနွေးပွဲများတွင် တိုးတက်မှု မချမှတ်နိုင်ခဲ့ခြင်းကြောင့် အမေရိကန် ဒေါ်လာ ၂ဝဝ ဘီလီယံတန်ဖိုးရှိ တရုတ်ထုတ်ကုန်များအပေါ် အခွန် ၂ဝ ရာခိုင်နှုန်း ထပ်မံကောက်ယူရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မကြာမီက ဆုံးဖြတ်ခဲ့သည့်အပြင် အနာဂတ်တွင် ထပ်မံကျင်းပမည့် ကုန်သွယ်ရေး ဆွေးနွေးပွဲများတွင်လည်း နှစ်နိုင်ငံကြား သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ခြင်းမရှိပါက အမေရိကန်ဒေါ်လာ ၃၂၅ ဘီလီယံတန်ဖိုးရှိ တရုတ်ကုန်ပစ္စည်း များအပေါ် ကြီးလေးသည့် အခွန်ကောက်ခံမှုများ ထပ်မံ လုပ်ဆောင်ဖွယ် ရှိသောကြောင့် လက်ရှိဖြစ်ပွားနေသည့် ကုန်သွယ်ရေး စစ်ပွဲသည် မသေချာ မရေရာသည့် အခြေအနေတွင် ရှိနေသည်ဟု ဆိုနိုင်သည်။

ရုရှားနှင့်တရုတ်တို့ကြား ကုန်သွယ်မှု ပြုလုပ်ရာတွင် အမေရိကန် ဒေါ်လာကို အသုံးပြု လုပ်ဆောင်မည့်အစား ရုရှားသုံးရူဘယ်နှင့် တရုတ်ယွမ်များကို အစားထိုး အသုံးပြုလုပ်ဆောင်ရန် သမ္မတ ဗလာဒီမာပူတင်က ယခုလအစောပိုင်းတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မော်စကိုမြို့၌ တွေ့ဆုံခဲ့ပြီး နောက်ပိုင်း၌ သဘောတူညီခဲ့ကြသည်။

ယင်းသဘောတူညီချက်သည် အမေရိကန် အစိုးရအတွက် ထိုးနှက်ချက် တစ်ရပ်အဖြစ် ထွက်ပေါ်လာစေခဲ့သည်။

ထိုအချိန်အတွင်းမှာပင် ရုရှားနိုင်ငံ အနေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ သတ္တုတူးဖော်ရေး၊ လေယာဉ်မောင်းနှင်ပျံသန်းရေးနှင့် တခြားနည်းပညာမြင့် စက်မှုလုပ်ငန်းများရှိ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရာတွင် တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းမည့် အလားအလာရှိပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

Ref: Sputnik

Read 51 times Last modified on Monday, 17 June 2019 10:38