SJ WorldNews - шаблон joomla Авто

ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး အထောက်အကူပြုမည့် ကမ္ဘာ့ပထမဆုံးသော အစိမ်းရောင် လမ်းမကြီးအား သြစတြေးလျ စမ်းသပ်

Tuesday, 18 June 2019 10:19 font size decrease font size decrease font size increase font size increase font size

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးကို အထောက်အကူပြုသည့် ကမ္ဘာ့ပထမဆုံးသော အစိမ်းရောင် လမ်းမကြီးတစ်ခုကို သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ဇွန် ၁၇ ရက်က စတင်၍ စမ်းသပ် အသုံးပြုလိုက်သည်။

အဆိုပါ လမ်းမကြီးကို Green Road ဟု အမည်ပေးထားပြီး လမ်းမကြီးအား တည်ဆောက်ရာတွင် စက်မှုလုပ်ငန်းများနှင့် သံမဏိလုပ်ငန်းနှင့် ကျောက်မီးသွေးစွမ်းအင်သုံး စက်ရုံများမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကို ကွန်ကရစ်၊ ပြန်လည် အသုံးပြုနိုင်ရန် ပြင်ဆင်ထားသည့် အခြားစွန့်ပစ်ပစ္စည်းဖြင့် ရောနှောကာ တည်ဆောက်ထားခြင်း ဖြစ်သည်။

ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကို အထောက်အပံ့ပြုနိုင်သည့် Green Road စီမံကိန်းကို စမ်းသပ်အသုံးပြုခြင်းသည် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်ခြင်းကို လျှော့ချရာတွင် များစွာအထောက်အကူပြုနိုင်သည့် နည်းလမ်းအသစ်များကို ထွက်ပေါ်လာစေကြောင်း ဆစ်ဒနီမြို့တော်ဝန် ကလက်ဗာမောက ပြောသည်။ ဒေသန္တရအစိုးရ အဖွဲ့များအနေဖြင့် ၄င်းတို့ဒေသများရှိ လမ်းမများအား ထိန်းသိမ်းရန်တာဝန်ရှိပြီး သဘာဝပတ်ဝန်း ကျင်ကို အကျိုးပြုသည့် ကုန်ပစ္စည်းများကို ပိုမိုအသုံးပြုနိုင်မည်ဆိုပါက ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်သည့်အပြင် နိုင်ငံအတွင်းရှိ ပြည်သူများအတွက်လည်း အရည်အသွေး မြင့်မားသည့် အခြေခံအဆောက်အအုံကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

Green Road ဟု အမည်ပေးထားသည့် အဆင့်မြင့်နည်းပညာသုံး လမ်းမကြီးသည် အရှည် မီတာ ၃ဝ ရှိပြီး ဆစ်ဒနီမြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ချိတ်ဆက်ဖောက်လုပ်ထားခြင်း ဖြစ်သည်။ လမ်းမကြီး၏ အရည်အသွေးကို စမ်းသပ်စစ်ဆေးရန်အတွက် နယူးဆောက်ဝေးတက္ကသိုလ်မှ သိပ္ပံပညာရှင်များက လမ်း၏ မျက်နှာပြင်အောက်၌ အာရုံခံကိရိယာကိုးခုကို တပ်ဆင်ထားသည်။

သိပ္ပံပညာရှင်များသည် လမ်းမကြီးများအား တည်ဆောက်ရာတွင် ကွန်ကရစ်အသုံးပြုမှုကို လျှော့ချထားပြီး ကွန်ကရစ်နှင့်ထပ်မံအသုံးပြုနိုင်ရန် ပြုပြင်ထားသည့် ပစ္စည်းများဖြင့် ရောနှောထားသော ဂျီအိုပေါ်လီမာ ကွန်ကရစ်ဖြင့် အစားထိုး အသုံးပြုထားခြင်းဖြစ်သည်။ ကွန်ကရစ်ထုတ်လုပ်ခြင်းသည် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှတ်ရာတွင် ၁၇ ရာခိုင်နှုန်းခန့် ပါဝင်လျက်ရှိရာ ပြီးခဲ့သည့်နှစ်အတွင်းက ကမ္ဘာ့နိုင်ငံများတွင် ဘိလပ်မြေတန်ပေါင်း ၄ ဒသမ ၁ ဘီလီယံထုတ်လုပ်ခဲ့ခြင်းကြောင့် ယင်းနှစ်အတွင်းမှာပင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုမှာ ၃ ဒသမ ၅ တန်အထိ မြင့်တက်လာခဲ့သည်။

သုတေသီများသည် ဂျီအိုပေါ်လီမာနည်းပညာအား ၁၉၉ဝ ပြည့်နှစ်များမှ စတင်သုတေသန လုပ်ဆောင်ခဲ့ကြသော်လည်း ယခုအချိန်မှသာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်း ဖြစ်သည်။

ယခုပထမဆုံးအကြိမ် စမ်းသပ်ဖောက်လုပ်ခဲ့သည့် အစိမ်းရောင် လမ်းမကြီး၏ စွမ်းဆောင်ရည်ကို ပညာရှင်များက ငါးနှစ်ကြာစောင့်ကြည့်ရန် စီစဉ်ထားပြီး ပထမ ၁၂ လအတွင်း တွေ့ရှိချက်များကို နောက်ထပ် တည်ဆောက်မည့် စီမံကိန်းများတွင် ထည့်သွင်း အသုံးပြုမည် ဖြစ်သည်။

Ref: Reuters

Read 24 times Last modified on Tuesday, 18 June 2019 10:20