SJ WorldNews - шаблон joomla Авто

ခရီးသွားများကို ပိုမိုဆွဲဆောင်လာနိုင်သည့် ထမ့်လုံခွန်နမ့်လိုဏ်ဂူ

Thursday, 20 June 2019 11:53 font size decrease font size decrease font size increase font size increase font size

ပြီးခဲ့သည့်နှစ် ဇွန် ၂၃ ရက်တွင် ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့ရှိ ထမ့်လုံခွန်နမ့် လိုဏ်ဂူအတွင်းသို့ တောဝက်ဘောလုံး အသင်းသားများနှင့် နည်းပြတစ်ဦးတို့ ဝင်ရောက်ပျောက်ဆုံးသွားသည်။ ၁၈ ရက်ကြာမှသာ ၄င်းတို့အားလုံးကို ဘေးကင်းစွာကယ်ဆယ်လိုက်နိုင်သည်။ ထိုအချိန်မှစ၍ ထမ့်လုံခွန်နမ့်လိုဏ်ဂူနှင့် တောဝက်ဘောလုံး အသင်းသားတို့မှာ ကမ္ဘာကျော်သွားတော့သည်။

ထမ့်လုံခွန်နမ့်လိုဏ်ဂူသို့လာရောက်သည့် ပြည်တွင်းပြည်ပခရီးသွားများမှာ လိုဏ်ဂူအပြင်ဘက်ရှိ ကြေးရုပ်တု တစ်ခုရှေ့တွင် ဓာတ်ပုံများရိုက်ပြီးမှ ပြန်လေ့ရှိသည်။ ထိုရုပ်တုမှာတခြားမဟုတ်။ တောဝက်ဘောလုံး အသင်းသားများ ကိုကယ်ဆယ်စဉ် အသက်စွန့်လွှတ်ခဲ့ရသည့် ထိုင်းရေတပ်အထူးတပ်ဖွဲ့ဝင်ဟောင်း ဖြစ်သော ဆမန်ဂန်နန်ကို ဂုဏ်ပြုသောအားဖြင့် ထုဆစ်ထားသည့်ရုပ်တု ဖြစ်သည်။

လိုဏ်ဂူအတွင်း ပိတ်မိနေသော ဘောလုံးအသင်းသားများနှင့် နည်းပြတို့အတွက် လေလမ်းကြောင်း ဖန်တီးပေးစဉ် အောက်ဆီဂျင်ပြတ်ကာသေဆုံးရသည့် ဆမန်ဂန်နန်ကို ထိုင်းတစ်နိုင်ငံလုံး၏ သူရဲကောင်းအဖြစ် သတ်မှတ်ထားကြောင်း ထိုနေရာသို့ လေးနာရီကြာ လာရောက်လည်ပတ်သည့် ထိုင်းသူနာပြုဆူမာလီက ပြောသည်။

လိုဏ်ဂူသို့လာရောက်လေ့လာသည့် ခရီးသွားများသည် ငွေအနည်းငယ် အကုန်အကျခံရုံဖြင့် လိုဏ်ဂူအတွင်းပိုင်း ဓာတ်ပုံများ၊ တောဝက်ဘောလုံးအသင်းသားများ၏ ပိုစတာများ၊ ဆမန်ဂန်နန်၏ မျက်နှာဖြင့် ရိုက်နှိပ်ထားသည့် အမှတ်တရတီရှပ်များကို ရရှိနိုင်သည်။ လိုဏ်ဂူအပြင်ဘက်တွင် ''သူရဲကောင်းများ'' ဟု အမည်ပေးထားသည့် နံရံဆေးရေးပန်းချီ တစ်ခုကိုလည်း ရေးဆွဲထားသည်။ နံရံဆေးရေးပန်းချီ၏ အလယ်ဗဟိုတွင် ဆမန်ဂန်နန်၏ မျက်နှာကို ဦးစားပေးဖော်ပြထားသည်။ ၄င်း၏ပတ်လည်တွင် ဝန်ကြီးချုပ်ပရာယုချန်အိုချာ၊ ကယ်ဆယ်ရေး လုပ်ဆောင်သူများနှင့် ဘောလုံးအသင်းသားတို့၏ ပုံကိုလည်း ရေးဆွဲထားသည်။

ယခင်က ထမ့်လုံခွန်နမ့် လိုဏ်ဂူသည် တစ်နှစ်လျှင် ခရီးသွားအယောက် ၅ဝဝဝ မျှသာ လာရောက်သည့် နေရာတစ်ခုဖြစ်သည်။

ဘောလုံးအသင်းသားများကို ကယ်ဆယ်မှု အပြီးတွင် ပြည်တွင်းပြည်ပ ခရီးသွားများမျက်စိကျရာ အဓိကနေရာတစ်ခု ဖြစ်လာသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှ ယခုနှစ်ဧပြီလအထိ လိုဏ်ဂူသို့လာရောက်သည့် ခရီးသွား အရေအတွက်မှာ ၁ ဒသမ ၃ သန်းရှိသည်ဟု မန်နေဂျာကာဝီးပရာဆွမ်ဖိုက ပြောသည်။

ယခုအခါတွင် ထိုလိုဏ်ဂူနှင့်အနီးတစ်ဝိုက် နေရာများကို ခရီးသွားများအတွက် အပန်းဖြေနေရာများ တည်ဆောက်ရန် အစိုးရကစီမံကိန်းများ ချမှတ်ကာ ဘတ်ဂျက်အဖြစ် ဘတ်သန်း ၅ဝ ခွဲ ဝေသတ်မှတ်ပေးထားသည်။ တည်ဆောက်မည့် စီမံကိန်းများတွင် ဈေးဝယ်စင်တာတစ်ခု၊ စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် အပျော်ခရီး ထွက်သူများအတွက် စခန်းချရာနေရာများ ပါဝင်သည်။

လက်ရှိအချိန်တွင် ထမ့်လုံခွန်နမ့်လိုဏ်ဂူကို ပိတ်ထားဆဲဖြစ်သော်လည်း ခရီးသွားများ အဆမတန် မြင့်တက်နေသည်။ လိုဏ်ဂူကို ပြန်ဖွင့်ချိန်တွင် လိုဏ်ဂူအတွင်း ဝင်ရောက်လေ့လာသူများ ပိုမိုများပြားလာနိုင်သည့်အတွက် ပြည်တွင်းပြည်ပ ခရီးသွားများလည်း ပိုမိုများပြားလာနိုင်သည်။ ထို့ကြောင့် ခရီးသွားလာရေး ကဏ္ဍဖြင့် ပြည်ပဝင်ငွေကို အကောင်းဆုံးရှာဖွေနိုင်သည့် ထိုင်းနိုင်ငံအတွက် ထမ့်လုံခွန်နမ့် လိုဏ်ဂူသည်လည်း ခရီးသွားများကို ပိုမိုဆွဲဆောင်လာနိုင်ကာ နိုင်ငံ့ဝင်ငွေကို တိုးမြှင့်ရှာဖွေပေးသည့် တစ်နေရာ ဖြစ်လာပြီဖြစ်သည်။

ထက်မြတ်

Ref: Reuters

Read 47 times Last modified on Thursday, 20 June 2019 11:54